စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 61
Translator – Utopia
တစ်ဖက်မှာတော့ ကံမကောင်းတဲ့ အဲ့တစ်ယောက်ကတော့ ဘာမှမရခဲ့တဲ့အပြင် ကျန်းဟုန်ဟောက် ရာထူးတိုးဖို့အတွက် သင်္ချိုင်းခြေတစ်ဖက်လှမ်းနေတဲ့သူနဲ့တောင် ပေးစားခံလိုက်ရသေးတယ်။ ဒီအကြောင်းတွေကို သူတို့ အားလုံးသိကြပေမဲ့ ဒီလိုနေ့မျိုးမှာ ဘယ်သူမှတော့ ထုတ်မပြောကြချေ။ ထုံးစံအတိုင်း ကျန်းမင်ဝေ့ကို မြှောက်ပင့်ချီးကျူးကြပြီး မိန်းမငယ်လေးတစ်ယောက်ကဆိုရင်
"မင်ဝေ့ နင်က တကယ့်ကို သဘာဝအလှလေးပဲ။ သေချာတာပေါ့ ဒီလိုကောင်းချီးမျိုးဆိုတာ ဘယ်သူမှ အတင်းဖိအားပေးလုပ်ယူလို့ မရဘူး။ အစကတည်းက အဲ့တာက နင့်အပိုင် ဖြစ်ခဲ့တာ၊ ဘယ်သူမှ နင့်ဆီက လုယူမသွားနိုင်ဘူး။ ကျားကို ပန်းချီဆွဲဖို့ ကြောင်ကို သုံးရင်တောင်မှ သူတို့က နင့်လိုဘယ်တော့မှ မဖြစ်နိုင်ဘူး"
သူမ ဘာကိုပြောချင်တာမှန်း အားလုံးသိကြတယ်။ ကျန်းမင်ဝေ့မျက်နှာက မပြောင်းသွားတာကို မြင်တဲ့အခါ အထာနပ်လိုက်ပြီး အားလုံးကလည်း တုံ့ပြန်လာကြတယ်။
"အမှန်ပဲ။ လူက မွေးကတည်းက ဘဝကို သတ်မှတ်ထားပြီးသား။ ကြက်တစ်ကောင်က ဇာမဏီအသိုက်ထဲ မှားဝင်လာမိရင်တောင် သူ့ကိုယ်ပေါ်က မြေကြီးနံ့ကို မဖျောက်နိုင်ဘူး။ မွေးနေ့ပွဲတုန်းက သူမကိုတွေ့တော့ မင်ဝေ့နဲ့မတူဘဲ အိုစာလိုက်တာလို့ ငါတောင် တွေးမိသေးတယ်။ သူမက နင်နဲ့တူဖို့ အသည်းအသန် ကြိုးစားနေပေမဲ့ နောက်ဆုံးတော့လည်း အတုအယောင်ပါပဲ။ တကယ့်အစစ်နဲ့ ဘယ်ယှဥ်နိုင်ပါ့မလဲ"
နောက်တစ်ယောက်ကလည်း ရွံတဲ့ပုံနဲ့ နှာခေါင်းကို ယပ်တောင်နဲ့ ကာလိုက်ရင်း
"ငါ သိနေပြီးသား၊ အတုက အတုပါပဲလေ အစစ်ကို ဘယ်ယှဥ်နိုင်မလဲ။ အခုလောက်ဆို သူမလည်း အပြုအမူတချို့ကို သင်ယူပြီးလောက်ပြီ ဖြစ်ပေမဲ့ ငါ ကြားတာတော့ သူမက ကျင်းဝမ်ကော ကျန်းဝမ် ကောကို စိတ်ပျက်စေခဲ့တယ်တဲ့။ သေချာတာပေါ့ ရွှံ့ပွက်က နံရံမှာ ကြာကြာဘယ်နေနိုင်ပါ့မလဲ။ တောကလာတဲ့ တောသူမက ညစ်ပေတဲ့နေရာမှာပဲ နေချင်မှာပေါ့"
ကျန်တဲ့မိန်းကလေးတွေကလည်း ရွံရှာတဲ့အမူအရာလုပ်ပြကြတယ်။ အဲ့အချိန်မှာပဲ မျက်နှာပြောင်ပြောင်ရှိတဲ့ မိန်းကလေးတစ်ယောက်က ထူးဆန်းတဲ့စကားတစ်ခွန်းကို လာပြောတယ်။
"ကျွန်မကြားတာတော့ ဒီနေ့ အဲ့တစ်ယောက်လည်း မင်ဝေ့ရဲ့ မင်္ဂလာဆောင်ကို လာမှာတဲ့"
"အို?" အခုမှ ဒီအကြောင်းကို သိတဲ့တစ်ယောက်က ပြောလာပြန်တယ်။ "သူမကို သင်္ချိုင်းခြေတစ်ဖက်လှမ်းနေတဲ့သူနဲ့ ပေးစားလိုက်တာ မဟုတ်ဘူးလား။ မင်္ဂလာပွဲလာဖို့ သူမ မရှက်ဘူးလားမသိဘူးနော်"
အဲ့အချိန်မှပဲ ကျန်းမင်ဝေ့က ဝင်ပြောလာတယ်။
"ငါ သူမကို ဖိတ်လိုက်တာ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က တစ်မိသားစုတည်းပဲလေ၊ သူမက ငါ့ညီမလေးပဲဟာ။ ငါ့မင်္ဂလာဆောင်လို နေ့ထူးရက်ထူးကို မဖိတ်ခဲ့ရင် သူမအပေါ် တအားရက်စက်ရာကျသွားမှာပေါ့"
"မင်ဝေ့ နင်က သိပ်ကြင်နာတတ်တာပဲ။ အခုလိုအခြေအနေမျိုးမှာတောင် နင်က သူမဂုဏ်သိက္ခာအတွက် စဥ်းစားပေးနေတုန်းပဲ။ ကျင်းဝမ်က နင့်ကိုပဲ ချစ်နေတာ မအံ့ဩတော့ပါဘူးလေ"
ဘေးနားက မိန်းကလေးတွေက တစ်ယောက်ပြီးတစ်ယောက် ပြောလာကြတယ်။
"ဒါပေမဲ့ သူမကလည်း တကယ်သနားစရာနော်။ ယောက်ျားက အသက်ရှင်နေသေးပေမဲ့ သူမက မုဆိုးမတပိုင်းဖြစ်နေပြီ။ ကျင်းဝမ်နဲ့ နင်နဲ့က တကယ့်နတ်ဖက်တဲ့စုံတွဲပဲ။ ဒီလိုပွဲကို သူမလည်း လာရင် နင်တို့ဆီက ကံကောင်းခြင်းတွေ နည်းနည်းရသွားမှာပါ"
အားလုံးက မုမင်ထန်ကို စိတ်မကောင်းဖြစ်ဟန်နဲ့ပြောနေကြပေမဲ့ တကယ်တမ်းတော့ သူမကို လှောင်ရယ်နေကြတာ ဖြစ်တယ်။ ကျန်းမင်ဝေ့က ပြုံးနေပေမဲ့ ဘာမှတော့ ဝင်မပြောချေ။
သိပ်မကြာခင်မှာပဲ သတို့သားဘက်က မိသားစုတွေ ရောက်လာတယ်။ ကျန်းမင်ဝေ့လည်း အနီရောင်ခြုံပဝါကို ခေါင်းမှာအုပ်ပြီး အခမ်းအနားမှူးညွှန်ကြားချက်အတိုင်း အိမ်တော်ထဲကနေ ထွက်လာခဲ့တယ်။
ဆွေမျိုးမိတ်သင်္ဂဟတွေကလည်း ချီးကျူးထောမနာပြုကြရင်း ကျင်းအိမ်တော်ကို သွားတဲ့လမ်းမှာ စိတ်လှုပ်ရှားနေကြတယ်။ လေထုက လွန်ခဲ့တဲ့တစ်လတုန်းက ချီယန်အိမ်တော်ကို သွားတုန်းကနဲ့ လုံးဝကို ကွာခြားတယ်။ ဧည့်သည်တွေအားလုံးက ကြင်စဦး ဇနီးမောင်နှံနံဘေး ဝိုင်းဝန်းသိုင်းဖွဲ့ရင်း နှုတ်ဆက်စကားဆိုနေကြတယ်။ ထို့နောက် သူတို့နဲ့အတူ မင်္ဂလာအိမ်တော်အထိပါ လိုက်ပါလာကြတယ်။
မင်္ဂလာပွဲနေ့မှာ အားလုံးက ရာထူးဂုဏ်ရှိန်တွေကို ဘေးဖယ်ထားပြီး ရင်းရင်းနှီးနှီးပဲ ဇနီးမောင်နှံကို ကျီစယ်ကြရင်း တဝေါဝေါတသောသော ရှိလှတယ်။ နောက်ပြီး ဒါက ကျင်းဝမ်နဲ့ အမတ်ကြီးရဲ့သမီးတို့ မင်္ဂလာပွဲလေ။ ခန်းမတစ်လျှောက်လုံးမှာ ရာထူးကြီးပုဂ္ဂိုလ်တွေနဲ့ ပြည့်နှက်နေပြီး လေထုက သိပ်ကို မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှတယ်။
အဲ့အချိန်မှာပဲ အပြင်က စကားပြောသံရယ်သံတွေက ဘာကြောင့်ရယ်မသိ ရပ်တန့်သွားပြီး အေးစိမ့်တဲ့ခံစားချက်က ခန်းမထဲကိုပါ တိုးဝင်လာတယ်။ နောက်ဆုံးကျ အားလုံးလည်း တစ်ခုခုတော့ မှားနေပြီလို့ ခံစားလိုက်ရပြီး နောက်ကို လှည့်ကြည့်လာကြတယ်။
မင်္ဂလာအိမ်တော်ရဲ့ အပြင်ဘက်မှာ မုမင်ထန်က ပွဲအခမ်းအနားတွေမှာ ဝတ်ရတဲ့ ဝမ်ဖေးဝတ်စုံကို ဝတ်ပြီး မတ်တတ်ရပ်နေတယ်။ အားလုံးက ကြက်သေသေသွားကြတာကိုမြင်တော့ သူမ ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း အထဲဝင်ချလာကာ
"အစောနကအထိတောင် အားလုံးက ပျော်ရွှင်နေကြတာမဟုတ်ဘူးလား။ ဘာလို့ ကျွန်မရောက်လာတာနဲ့ အားလုံး တိတ်သွားတာလဲ"
ကျန်းမင်ဝေ့ရဲ့ သူငယ်ချင်းကောင်းတွေတစ်ဖြစ်လဲ အစောနက မုမင်ထန်ကို လှောင်ပြောင်ခဲ့ကြတဲ့ မိန်းကလေးတွေက သူမကိုလည်း မြင်ရော အားလုံး ထလာပြီး ခေါင်းငုံ့အရိုအသေပေးကြရတော့တယ်။
"ချီယန်ဝမ်ဖေး"
လျှောက်လမ်းနှစ်ဖက်လုံးက လူတွေကလည်း သူမကို ဦးညွှတ်အရိုအသေပေးပြီး လမ်းဖွင့်ပေးကြတယ်။ ဒီလိုနဲ့ မုမင်ထန် အထဲအကျဆုံး နေရာထိ လမ်းလျှောက်လာခဲ့တယ်။ သူမကိုလည်း မြင်ကော ရှဲ့ရွှမ်းကျီရဲ့မျက်နှာက ပုပ်သိုးသွားပေမဲ့ ဝါအရတော့ သူမကို အရိုအသေပေးဖို့ လိုတာကြောင့် ဦးညွှတ်လိုက်ရင်း
"ဒုတိယမရီးတော်"
____________________________________________________________________________________________