နောက်ဆုံးတော့ ရှဲ့ရွှမ်းချန်ကို အပြင်ဘက် လမ်းလျှောက်ထွက်ဖြစ်အောင် မုမင်ထန် ခေါ်ထုတ်လာနိုင်ခဲ့ပြီ။ ကျန်းသခင်မနဲ့ ကျန်းမင်ဝေ့တို့ လာလည်မှပဲ ဒီအိမ်တော်တစ်ခုလုံးကို သူမတို့ပိုင်မှန်း သတိရတော့တယ်။ သူမတို့ အိမ်တော်ထဲ ကြိုက်တဲ့နေရာကို သွားလို့ရတယ်၊ အခန်းထဲပဲ အောင်းမနေသင့်ဘူး။
အိမ်တော်ထဲပဲ နေတာနဲ့ အပြင်လေးဘာလေး ထွက်တာ ဘာကွာခြားလဲ သူမ ကောင်းကောင်း သဘောပေါက်သွားပြီ။ ရှဲ့ရွှမ်းချန်က သူ့ရောဂါနဲ့ပတ်သက်လာရင် အမြဲတမ်း အဆိုးဘက်ပဲ မြင်တတ်တယ်။ သူ လုပ်ခဲ့မိတာတွေအတွက် အပြစ်ရှိစိတ်ကြောင့် ဖြစ်နိုင်သလို သူ ဒုက္ခရောက်နေချိန် ဘယ်သူမှ မကူညီပေးခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ မုမင်ထန်ကတော့ သူ့ကို အသက်ရှည်ရှည်နဲ့ အကြာကြီး နေသွားရဖို့ ဆုတောင်းပါတယ်။
ရှဲ့ရွှမ်းချန်လို စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားတဲ့သူတွေအဖို့ ဆေးသောက်တာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ များသောအားဖြင့် ကာယကံရှင်ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ကယ်တင်ချင်စိတ် ရှိဖို့ လိုအပ်တယ်။ နေပြန်ကောင်းလာဖို့ဆို အခန်းထဲပဲ အောင်းမနေဘဲ အပြင်လေး ဘာလေးထွက်၊ နေရောင်လေးခံ၊ သူများတွေနဲ့ စကားလေး ဘာလေးပြောတာတို့ ဒါမှမဟုတ် ပြင်ပြင်ဆင်ဆင် ဝတ်စားတာမျိုးတို့ လုပ်ပေးသင့်တယ်။ ဒါတွေအားလုံးက သူတို့ကို မြန်မြန် နေပြန်ကောင်းလာဖို့ ကူညီပေးနိုင်တယ်။ ဒါကြောင့်မို့ ဒီနေ့ ရှဲ့ရွှမ်းချန်ကို တမင် အပြင်ဘက် လမ်းလျှောက်ထွက်ဖို့ သူမ ခေါ်လာတာဖြစ်တယ်။ သူမ ဟိုဟိုဒီဒီလျှောက်သွားရင်း တစ်ဖက်မှာလည်း တော်ဝင်သမားတော်နဲ့ တွေ့ဖို့ ဘယ်လမ်းက သွားလို့ရမလဲပါ စူးစမ်းနေတယ်။
နှစ်ယောက်သား ဖြေးဖြေးချင်း လမ်းလျှောက်ထွက်ကြရင်း ယွင်ရွေ့စာကြည့်ဆောင်ကို ကျော်ပြီးနောက် လဝန်းသဏ္ဌာန်ရှိတဲ့ဂိတ်တံခါး၊ အဲဒီ့ကနေ တစ်ဆင့် ဝါးတောလေးဆီ လျှောက်လာခဲ့ကြတယ်။
ဆောင်းဦးလေပြေက ငြိမ့်ငြိမ့်ညောင်းညောင်း တိုက်ခတ်နေပြီး သစ်ရွက်ကြွေတွေ နွမ်းလျကြွေကျသွားပုံက ကလေးငယ်လေးတွေရဲ့ ငိုသံအလားပင်။ လှုပ်ခတ်နေတဲ့ ဝါးရွက်တွေရဲ့ အရိပ်အောက်ကနေ ရင်းနှီးနေတဲ့ အဆောက်အအုံတစ်ခုကို သူမ လှမ်းမြင်လိုက်ရတယ်။