Chapter 125

523 66 0
                                    

ရှဲ့ရွှမ်းချန် တမင် သွားကြည့်တာတော့ မဟုတ်ပေမဲ့ သူမလက်က လှုပ်ရွနေတော့ အမှတ်မထင် လည်ပင်းက အနီအမှတ်ကို သူ တွေ့လိုက်ရတယ်။ သူလည်း ဘာမှထွေထွေထူးထူး မတွေးမိတာနဲ့ မုမင်ထန်ဘက် လှည့်ပြီး
 
“နောက်တစ်ခါကျ မင်း ခြင်ထောင် ထောင်ပြီး အိပ်သင့်တယ်။ ဒီရက်ပိုင်း ခြင်တွေ ပေါနေတာ၊ မင်းက အိပ်လိုက်ရင် လက်က အမြဲ အပြင်ရောက်နေရော။ ခြင်ကိုက်ခံရလိမ့်မယ်”
 
 
ရှဲ့ရွှမ်းချန်က မျက်ခုံးပင့်လိုက်ပြီး ကျန်းမင်ဝေ့ကို ကြည့်ကာ
 
“ဘာလို့ မရှိရမှာလဲ။ ကျင်းဝမ်ဖေးလည်း လည်ပင်းမှာ ခြင်ကိုက်ခံထားရတာ မဟုတ်ဘူးလား”
 
ချွေးသုတ်နေတဲ့ ကျန်းမင်ဝေ့ရဲ့လက်တွေက ရုတ်တရက် တောင့်ခဲသွားတယ်။ ရှဲ့ရွှမ်းကျီလည်း သူမရဲ့လည်ပင်းကို လှမ်းကြည့်လိုက်ပြီး တောင့်ခဲသွားတယ်။ မုမင်ထန် အမြန်ပဲ ရှဲ့ရွှမ်းချန်ကို မျက်နှာရိပ်မျက်နှာကဲ ပြရတော့တယ်။ အဲ့ကျမှ သူလည်း သဘောပေါက်တော့တယ်။  
 
သူမကိုယ်သူမ ပိန်းလှပြီထင်တာ၊ သူမထက်ပိန်းတဲ့ ပိန်းဥနဲ့ လာတွေ့နေတယ်။ မုမင်ထန် မျက်နှာထားတည်တည်နဲ့ နေဖို့ ကြိုးစားပေမဲ့လည်း ရယ်ချင်စိတ်ကို ထိန်းမရဘူး ဖြစ်နေတယ်။ ရှဲ့ရွှမ်းချန်လည်း သူမကို ကြည့်ရင်း ရယ်ချင်လာတယ်။
 
မုမင်ထန် သူ့ကို လှမ်းကြည့်ပြီး မလုပ်ဖို့ မျက်နှာရိပ်မျက်နှာကဲနဲ့ သတိပေးရတယ်။ ဘယ်လိုလုပ် ပြုံးတုံးတုံး လုပ်နေတာလဲ။ ရှဲ့ရွှမ်းချန်က ပြန်လှည့်မကြည့်လာပေမဲ့ ဘေးတိုက်မြင်ရတဲ့ သူ့မျက်နှာက နုနယ်လှပတယ်။ မျက်တောင်ရှည်ကြီးတွေနဲ့ ပြုံးရယ်နေတဲ့ သူ့မျက်ဝန်းတွေကနေ ရိုးသားဖြူစင်တဲ့ ခံစားချက်ကို မြင်နိုင်တယ်။
 
ကျန်းမင်ဝေ့ လက်ကို အောက်ပဲ ချလိုက်ရမလား၊ ချွေးပဲ ဆက်သုတ်ရမလား မသိတော့ဘူး။ ရှက်ဖို့ကောင်းလိုက်တာ။ ဒီနေ့ သူမ တော်တော် စိတ်မချမ်းသာဘူး။ အစက သူမ နောက်ဆုံး‌တော့ ခင်ပွန်းဖြစ်သူနဲ့ လင်မယားအရာမြောက်ခဲ့ပြီဆိုတာကို ကြွားရအောင် လာခဲ့တာ၊ ဒါပေမဲ့ ပထမက မုမင်ထန်၊ အခု ရှဲ့ရွှမ်းချန်ကပါ ခြင်ကိုက်ခံရတာလို့ ပြောလာပြန်တယ်။ ဒီလောက် လူတွေ အများကြီး ရှိနေတာကို သူတို့က ပြောပြီး ရယ်နေသေးတယ်လား!
 
အစေခံတွေပါ ခေါင်းငုံ့ပြီး ပါးစပ်ကို လက်ကိုင်ပဝါနဲ့ ကာနေကြတာမြင်တော့ ရှဲ့ရွှမ်းကျီလည်း ဒီအတိုင်း ဆက်မနေနိုင်တော့ဘူး၊ ချောင်းအနည်းငယ် ဟန့်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ
 
“အစ်ကိုတော်တို့ နှစ်ယောက်လုံးလည်း အဆင်ပြေပြေရှိတာ မြင်ရပြီးပြီဆိုတော့ ကျွန်တော်တို့လည်း ဒီလောက်နဲ့ ပြန်လိုက်ပါဦးမယ်”
 
မုမင်ထန် မရယ်မိအောင် မျက်နှာပိုးသတ်လိုက်ပြီး မတ်တတ်ထကာ
 
“ဂရုစိုက်ပြန်ပါ ကျင်းဝမ်ရယ်။ ကျွန်မတို့ ဒီတစ်ခါတော့ လိုက်မပို့တော့ဘူးနော်”
 
“နေ နေ မလိုတော့ပါဘူး ရပါတယ်”
 
ကျန်းမင်ဝေ့လည်း သူနဲ့အတူပဲ မတ်တတ်ရပ်လာတယ်။ သူမ ရှက်လွန်းလွန်းလို့ နှုတ်ဆက်စကားတောင် မပြောနိုင်ပဲ သုတ်ခြေတင် ပြန်သွားတော့တယ်။ သူတို့ထွက်သွားတဲ့နောက် မုမင်ထန် မရယ်မိအောင်လို့ ရေနွေးနည်းနည်း သောက်မလို့ လုပ်လိုက်တာ သီးပါ သီးကုန်တယ်။
 
ရှဲ့ရွှမ်းချန်က အရယ်သတ်လိုက်ပြီး သူမကို လက်ကိုင်ပဝါ ကမ်းပေးလာတယ်။
“ရယ်ချင် ရယ်ချလိုက်။ ရေနွေးတွေ မသီးစေနဲ့”
 
သူမ လက်ကိုင်ပဝါကို လှမ်းယူလိုက်ပြီး ပါးစပ်ကို သုတ်လိုက်တယ်။ အဲ့ဒီနောက် သူ့ကို လှမ်းကြည့်လိုက်ပြီး
 
“အရှင့်သား ပြုံးနေရဲသေးတယ်နော်”
“အရင် ရယ်တာ မင်းလေ”
 
ရှဲ့ရွှမ်းချန်ရဲ့အမူအရာက ကလေးငယ်လေးလိုပဲ ဖြူစင်လှတယ်။
 
နှစ်ယောက်သား ပြောရင်းကနေ ဘာကြောင့်ရယ်မသိ အကြည့်ချင်း မဆုံမိအောင် လွှဲလိုက်ကြတယ်။ ပျော်ရွှင်နေတဲ့ လေထုက နည်းနည်းတော့ ရှက်စရာကြီး။ ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် မုမင်ထန်ခမျာ ရှက်ရှက်နဲ့ ခေါင်းကြီး ငုံ့ပြီး ရေနွေးကြမ်းပဲ လှိမ့်သောက်နေတယ်။ ရှဲ့ရွှမ်းချန်နဲ့ မျက်လုံးချင်းတောင် မဆိုင်ရဲတော့ဘူး။
 
ယွီလင်ခန်းမဆောင်ရဲ့အပြင်ဘက်တွင် .....
 
ရှဲ့ရွှမ်းကျီ အစေခံတွေ အားလုံးကို ထွက်သွားခိုင်းလိုက်တယ်။ အဲ့ဒီ့နောက် အသံအုပ်အုပ်နဲ့
“မင်း သူ့နေရာနဲ့သူ သင့်တော်အောင် ဝတ်စားလာသင့်တာ။ ဘယ်လိုလုပ် အဲ့တာလေးကိုတောင် ဂရုမစိုက်နိုင်ရတာလဲ”
 
 
“ကျွန်တော်မျိုးမ မှ မမြင်ရတာ ဘယ်လိုလုပ် သိမှာလဲ”
 
သူမပြောသလို ဒီဟာတစ်ခုထဲကို ဆင်ခြေပေးလို့ မရချေ။ တကယ်လို့ သူမ မမြင်ဘူးဆိုရင်တောင်မှ သူမရဲ့အစေခံတွေကကော? သူမကကော ဘာလို့ ဒီနေ့ကျမှ လည်ပင်းဟိုက်တဲ့အင်္ကျီကို ဝတ်လာတာလဲ? ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငယ်ချစ်ဦးကို အဲ့လိုမျိုး သူလည်း မတွေးချင်ဘူး။ နောက်ဆုံးကျ ရှဲ့ရွှမ်းကျီ ဘာမှ ထပ်မပြောတော့ဘဲ အသံတိုးတိုးနဲ့
“နောက်တစ်ခါကျ ပိုဂရုစိုက်”
 
ရှဲ့ရွှမ်းကျီ ကျယ်ကျယ်တော့ မဆူခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်ဝေ့က သူ့ဇနီးမို့ သူ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်။ နောင်ကျ သူ ကျန်းမင်ဝေ့နဲ့ အဲ့လောက် အများကြီး မနေတာပဲ ကောင်းလိမ့်မယ်။ ကျန်းမင်ဝေ့ကတော့ အာလုံးအဆင်ပြေသွားပြီအထင်နဲ့ နောက်ဆုံးတော့ သက်ပြင်းချလိုက်တယ်။ အဲဒီ့နောက် နာနာခံခံနဲ့ပဲ
 
“ကောင်းပါပြီ”
နှစ်ယောက်သား လမ်းလျှောက်လာကြချိန် အနောက်ကနေ အသံတစ်ခုကို ကြားလိုက်ရတယ်။ နောက်ကို လှည့်ကြည့်လိုက်တော့ လေသာဆောင်ရဲ့ကော်ရစ်တာအစွန်းမှာ ရှဲ့ရွှမ်းချန်နဲ့ မုမင်ထန်တို့ ထွက်သွားကြတာကို လှမ်းမြင်လိုက်ရတယ်။ ဆောင်းဦးလေပြေလေးက ငြိမ့်‌ညောင်းစွာ တိုက်ခတ်နေပြီး သစ်ရွက်လေးတွေက မျောလွင့်လှုပ်ရှားနေကာ မုမင်ထန်ရဲ့စကတ်ရှည်ကို ဝေ့ဝဲနေစေတော့တယ်။ သူမရဲ့ ပုံရိပ်လေးက မသိရင် လေယူရာ ယိမ်းနွဲ့နေတဲ့ ကြွေပန်းပွင့်လေးအလား ထင်မှတ်ရတယ်။
____________________________________________________________________________________________
 
 

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now