Chapter 3

3.5K 251 1
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
Chapter 3
Translator – Utopia

သူ့စကားတွေက မုမင်ထန်ကို မခံနိုင်လောက်အောင် ဒေါသထွက်စေတာကြောင့် သူမလည်း မခံနိုင်တော့ပဲ ဟိုလို ဒီလို အမျိုးစုံအောင် ကျိန်ဆဲတော့တယ်။ ရှန်းယန်ကနေ မြောက်ပိုင်းကို ပြေးလာရတဲ့ ကြမ်းတမ်းတဲ့ ခရီးက သူမရဲ့ စိတ်ကို သံမဏိ‌လို မာကြောသွားစေခဲ့ပြီး သူမပါးစပ်ကလည်း အဆိပ်ပါတဲ့စကားလုံးတွေကို ကျိန်ဆဲနိုင်တဲ့အထိ ဖြစ်သွားစေခဲ့တယ်။ အကြင်နာတရား တစ်စက်မှမရှိတဲ့ စကားတွေကို နားနဲ့အပြည့် ကြားလိုက်ရတဲ့အခါ အပေါင်ဆိုင်ပိုင်ရှင်က ဒေါသငေါက်ငေါက်ထွက်ပြီး သူမရှေ့ သူ့ကိုယ်ကြီးကို ပစ်လှဲချလိုက်တယ်။

သဘာဝကျကျပဲ မုမင်ထန်ကလည်း ပြန်တွန်းထုတ်မယ့်သူ မဟုတ်ဘူး။ အဲ့အစား ပြန်ချပြီး မြေပြင်မှာ လုံးထွေးနပန်းသတ်ကုန်ကြတယ်။ ဝတ်စုံတွေ ခန့်ခန့်ထည်ထည် ဝတ်ထားတဲ့ အစောင့်တစ်စု ရောက်လာပြီး ဆွဲတော့မှပဲ ရပ်တော့တယ်။ အဲ့အခါ မုမင်ထန်က ဖြစ်ခဲ့တာကို ရှင်းပြဖို့ လုပ်ပေးမယ့် အစောင့်တွေကို တစ်ချက်ကြည့်ရုံနဲ့တင် သွားရှုပ်လို့ ရတဲ့သူတွေ မဟုတ်မှန်း သဘောပေါက်လိုက်တယ်။

ချက်ချင်းပဲ သူမကိုယ်သူမ ထိန်းလိုက်ပြီး ခေါင်းငုံ့နေလိုက်တယ်။ အသက်တောင် ကျယ်ကျယ် မရှူရဲဘူး။ ခဏကြာတဲ့နောက်မှာ ကြီးကျယ်ခမ်းနားတဲ့ ရထားလုံးထဲကနေ အစေခံတစ်ယောက်က ဆင်းလာတယ်။ အစေခံမလေးရဲ့ ပိုးသားဆံပင်တွေကို နှစ်ဖက်ခွဲ ဆံထုံးပုံ စည်းထားပြီး သူမရဲ့ခြေထောက်တွေကတောင် မုမင်ထန်ထက် သန့်ရှင်းနေတယ်။

မုမင်ထန်ရဲ့ပုံစံကို မြင်လိုက်တော့ သူမမျက်လုံးထဲ မနှစ်မြို့တဲ့ အရိပ်အယောင်က ဖြတ်ပြေးသွားတယ်။ သူမ နှာခေါင်းကို အုပ်လိုက်ရင်း
“ နင် ကံကောင်းတာကို ကျေးဇူးတင်ရမယ်။ ငါနဲ့ လိုက်ခဲ့ ငါတို့သခင်မက နင်နဲ့ စကားပြောချင်နေတယ် ”

သခင်မ ??

ဒီအမည်နာမက သူမ တွေ့ရတော့မယ့်သူက ရာထူးကြီးကြီးထဲကဆိုတာကို ညွှန်ပြနေတယ်။ သူမက ဒီလို ခမ်းနားတဲ့ ရထားလုံးကို ပိုင်တဲ့အပြင် အစောင့်တွေကလည်း ပါလာသေးတာဆိုတော့ မဟုတ်မှလွဲရော အရာရှိငယ် တစ်ယောက်ယောက်နဲ့များ ပတ်သက်နေတာလား။

မုမင်ထန် ရိုရိုကျိုးကျိုးနဲ့ လိုက်သွားလိုက်တယ်။

နောက်ပိုင်းမှ သူမ သိလိုက်ရတာက တစ်ဖက်ကသူက သူမထင်ထားသလိုပဲ သခင်မကိုမှ သာမန်အရာရှိလေးတောင်မဟုတ်ဘူး။ အမတ်ကြီး ၃ ပါးထဲက တစ်ပါးရဲ့ ပဏာမဇနီးဖြစ်တဲ့ သခင်မပဲ။

အမတ်ကြီး ၃ ပါးဆိုတာက စွမ်းအင်နှင့်အရင်းအမြစ်ဆိုင်ရာ အမတ်ကြီး၊ အခွန်ရေးရာ အမတ်ကြီးနဲ့ ပြည်ထဲရေးအမတ်ကြီးပဲ ဖြစ်တယ်။ သူတို့က အမတ်ချုပ်ကြီးပြီးရင် ဒုတိယအာဏာအရှိဆုံးသူတွေပဲ။ ပြောရရင် အမတ်ချုပ်ကြီးနဲ့တောင် ဘာမှမကွာသလောက်ပဲဆိုတာ မုမင်ထန် သဘောပေါက်လိုက်တယ်။

လမ်းမပေါ်မှာ ရန်ဖြစ်ရာကနေ အမတ်ကြီးကတော်နဲ့ ဆုံဖို့ဖြစ်လာလိမ့်မယ်လို့ မုမင်ထန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ကျန်းသခင်မက သူမကို အနည်းငယ် ကြည့်ရှုပြီးနောက် ခေါ်သွားဖို့ အစေခံတွေနဲ့ ပြန်ပို့လိုက်တယ်။ ဒီလိုနဲ့ပဲ ကြောက်ကြောက်လန့်လန့်နဲ့ပဲ မုမင်ထန်တစ်ယောက် မြို့တော်ကို ခေါ်သွားခံရတော့တယ်။ အစေခံတွေက သူမကို အချိန်အတော်ကြာ ရေမိုးချိုး ဖြီးလိမ်းပြင်ဆင်ပေးပြီး သခင်ကြီးနဲ့ သခင်မတို့ရှေ့ကို ခေါ်သွားကြတယ်။

သူမကို အကြာကြီး စိုက်ကြည့်ပြီးတဲ့နောက် ကျန်းသခင်ကြီးက ခေါင်းနည်းနည်း ညိတ်ပြလိုက်ပြီး “ သခင်မပြောသလို လုပ်ကြတာပေါ့ ”

သူမ ပြောသလိုလုပ်ကြမယ် ? ကျန်းသခင်မက ဘာပြောထားလို့လဲ ??

မုမင်ထန် ဘာတွေဖြစ်နေမှန်း မသိဘဲ စိတ်ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။

အဲ့အချိန်ကစပြီး သူမ ဘဝက ဇောက်ထိုးမိုးမျှော် ဖြစ်သွားတော့တာပဲ။ သူမက အမတ်ကြီး ၃ ပါးထဲက တစ်ပါးဖြစ်တဲ့ ကျန်းဟုန်ဟောက်ရဲ့ မွေးစားသမီး ဖြစ်လာခဲ့တယ်။ အခု ဒါက မျိုးရိုးမြင့်တွေဆိုတာ ဘယ်လိုမျိုးလဲ သိသာ ထင်ရှားတဲ့ စံနမူနာပဲ ဖြစ်တယ်။ မုမင်ထန်တစ်ယောက် စစ်ပြေးဒုက္ခသည်ဘဝကနေ ဒီလိုကံကြမ္မာမျိုး ရှိလာလိမ့်မယ်လို့ ယောင်ယမ်းပြီးတော့တောင် အိပ်မက် မ,မက်ခဲ့ဖူးချေ။

အရာရှိတွေ၊ ကုန်သည်တွေနဲ့ သာမန်အရပ်သားတွေက လူတွေထဲက မတူညီတဲ့ လူတန်းစား ၃ ရပ်ပဲ ဖြစ်တယ်။ ရှန်းယန်မှာတုန်းက ဘာမှမဟုတ်တဲ့ ပညာသင်တစ်ယောက်ရဲ့ သမီးလာရင်တောင်မှ မုမင်ထန်တို့ ခေါင်းငုံ့ပြီး လမ်းဖယ်ပေးရတဲ့ အချိန်မျိုး ရှိခဲ့ဖူးတယ်။ အမတ်ကြီးတွေရဲ့ သမီးဆို ပြောမနေနဲ့တော့။

မုမင်ထန်ရဲ့ အဆင့်အတန်းက တစ်ရက်တည်းနဲ့ မိုးနဲ့မြေလို မြင့်သွားတော့ သူမ လန့်တောင်လန့်လာတယ်။ ဆိုးရိုးစကားအတိုင်းပဲ ထင်ပေါ်ကျော်ကြားတဲ့သူတွေက ငွေမျက်နှာကြောင့် ပြောင်းလဲတတ်ကြပြီး နိမ့်နိမ့်ပါးပါးနဲ့ မွေးလာတဲ့သူတွေကတော့ ဒီစည်းစိမ်မှာ ယစ်မူးတတ်ကြတယ်။ ဒီစကားကို သူမ ကောင်းကောင်း သဘောပေါက်တဲ့အတွက် တစ်ခုခု အမှားလုပ်မိလိုက်တာနဲ့ အားလုံး ဆုံးရှုံးသွားရလိမ့်မယ်ဆိုတာ သိနေခဲ့တယ်။ ဒါ့ကြောင့်မို့ ကျန်းသခင်မနဲ့ အစေခံတွေ ပြောသမျှကို သူမ တသွေမသိမ်း လိုက်နာခဲ့တယ်။

နောက်ပိုင်းမှာတော့ ကျန်းသခင်မ ချန်လျူ မြို့ကို ရောက်နေရတဲ့အကြောင်းအရင်းက သူမရဲ့သမီး ကျန်းမင်‌ဝေ့ကို ရှာဖို့မှန်း သိလာရတယ်။ အစေခံတွေ သူမကို ပြောတာတော့ ပထမသခင်မလေးက မီးပုံးပွဲတော်တုန်းက ပျောက်သွားတာတဲ့။ ဒါပေမဲ့ ဘာမှနားမလည်တဲ့ မုမင်ထန်တောင်မှ ဒီကိစ္စက တစ်ခုခု ထူးဆန်းနေသလိုပဲဆိုတာ သိနိုင်တယ်။

သူမ ကုန်သည်သမီးဖြစ်ခဲ့တုန်းက သူမမိဘတွေက အစေခံတစ်ယောက် အကူဒေါ်ဒေါ်တစ်‌ယောက်နဲ့ အတူတူဆိုမှ မီးပုံးပွဲတော်ကို သွားခွင့်ပြုခဲ့တယ်။ ကျန်းသခင်မလိုလူက သူမရဲ့ တစ်ဦးတည်းသော သမီးလေးကိုဆို ဘယ်လောက်တောင် အစောင့်အရှောက် ထားလိုက်မလဲ ပြောမနေနဲ့တော့။

ဒါပေမဲ့လည်း မုမင်ထန် မေးခွန်း မထုတ်ခဲ့ချေ။ ကျန်းသခင်မလေး ဘယ်လိုပျောက်သွားလဲဆိုတာက အရေးမကြီးဘူး။ ကျန်းသခင်မက ဒီလိုပျောက်တယ်ပြောရင် ဒီလိုမို့လို့ပဲ။ သူမက မြို့တော်ကနေ ချန်လျူမြို့အထိတောင် ရှာခဲ့တယ်။ ဒါပေမဲ့ ရှာတွေ့ခဲ့တာကတော့ ကျန်းမင်ဝေ့မဟုတ်တဲ့ မုမင်ထန်ပဲ ဖြစ်တယ်။

အဲ့အချိန်တုန်းက သူမလေးက ဆဲဆိုနေခဲ့ပြီး သူမထက် အဆမတန်ကြီးနဲ့ လူကြီးနဲ့တောင်မှ နပန်းဖက်လုံးနေခဲ့တယ်။ သူမရဲ့အသက်နဲ့ မျက်နှာပေါက်က သူမရဲ့သမီးနဲ့ ခပ်ဆင်ဆင်ဆိုတာကို ကျန်းသခင်မ သတိထားလိုက်မိတယ်။

သူမရဲ့နေရာက ဘယ်လိုမျိုးလဲဆိုတာ အစကတည်းက မုမင်ထန် နားလည်ခဲ့ပြီးသားပါ။ ကျန်းသခင်ကြီးနဲ့သခင်မက သူတို့သမီးကို လွမ်းတာကြောင့် တစ်နှစ်ပတ်လုံး လိုက်ရှာခဲ့ပေမဲ့ ဘယ်မှာမှ ရှာမတွေ့ခဲ့ကြဘူး။ ဒါ့ကြောင့်မို့ သူမနဲ့ ဆင်တဲ့ မိန်းကလေးတစ်ယောက်ကို မွေးစားလိုက်ကြခြင်း ဖြစ်တယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now