စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 52
Translator – Utopia
ရှဲ့ရွှမ်းချန် အိပ်ရာပေါ်မှာ အချိန်အတော်ကြာအောင် တွေတွေကြီး ထိုင်နေမိတယ်။ သူ့အကြည့်က အေးစက်ငြိမ်သက်နေပြီး အသက်မဲ့နေတဲ့ ကန္တာရလွင်ပြင်လိုပဲ။ မုမင်ထန် မီးအိမ်တွေ ထွန်းပြီးတဲ့နောက် အိပ်ခန်းထဲ ပြန်လာတယ်။ သူ ထိုင်နေတာ မြင်လိုက်ရတော့
"အရှင့်သား ဘာတွေကြည့်နေတာလဲ"
ရှဲ့ရွှမ်းချန် သူမကို အံ့အားသင့်သွားတဲ့ဟန်နဲ့ ပြန်ကြည့်လာတယ်။
"မင်း ထွက်သွားတာ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ" သူ့မေးခွန်းကို မုမင်ထန် သိပ်နားမလည်ဘူး။ "မှောင်နေပြီမို့ မီးအိမ်ထွန်းရအောင် ထွက်သွားတာရယ်။ ကျွန်မက ဘယ်ကိုထွက်သွားရမှာလဲ"
ရှဲ့ရွှမ်းချန် သူမကို စိုက်ကြည့်လာတယ်။ သူ့အကြည့်က ခက်ထန်နေပြီး နောက်ကွယ်မှာ လေးနက်တဲ့အဓိပ္ပာယ်တွေ ရှိနေသလိုပဲ။ နောက်ဆုံးကျ သူမကို စကားတစ်ခွန်းမှ မပြောဘဲ အကြည့်လွှဲသွားတော့တယ်။
ရှဲ့ရွှမ်းချန်ရဲ့ ထူးဆန်းတဲ့စိတ်ကို မုမင်ထန်လည်း အသားကျနေပြီဖြစ်တယ်။ မီးအိမ်ကို ချထားပြီးတဲ့နောက် ထမင်းဘူးကို သူမ တစ်ဆင့်ချင်း ဖွင့်လိုက်တယ်။
"ဒီနေ့ ဝက်ရိုးစွပ်ပြုတ်ချက်ခိုင်းထားတယ်။ ကိုယ်စားတဲ့စားစရာက ကိုယ့်ကိုယ်ကိုယ် ဖန်တီးတာတဲ့။ အရိုးစွပ်ပြုတ်က ခြေထောက်အတွက် သိပ်ကောင်းတယ်။ အရှင့်သား အပြင်ထွက်လို့မရတာ ဆိုးတာမို့၊ နို့ဆို နေရောင်လေးဘာလေးရအောင် ကျွန်မတို့ လမ်းလျှောက်ထွက်ပေးလို့ရမှာ"
မုမင်ထန် ဟင်းပွဲတွေကို ခွဲဝေရင်း ပုံမှန်အတိုင်းပဲ ရှဲ့ရွှမ်းချန်ဆီ ယူလာပေးတယ်။ ရှဲ့ရွှမ်းချန်က အခု အရင်ကထက် ပိုကြာကြာ နိုးနေပြီဆိုပေမဲ့ သူ အနားယူဖို့တော့ လိုနေတုန်းပဲ။ မုမင်ထန် သူ့ကို စားဖို့အတွက် အစအဆုံး ကူညီပေးတတ်တယ်။ သူမက ဘာမှထွေထွေထူးထူး တွေးမနေဘဲ ဝက်ရိုးစွပ်ပြုတ်ကို တိုက်ပေးလာတော့ ရှဲ့ရွှမ်းချန်က တိတ်တိတ်ဆိတ်ဆိတ်ပဲ စားနေတယ်။ မုမင်ထန်လည်း သူ့ကို ထမင်းကျွေးလာတာ အချိန်တစ်ခုရှိနေပြီဆိုတော့ ဒီနေ့ သူ တစ်မျိုးဖြစ်နေတာကို သတိထားမိလိုက်တယ်။
သူ့စိတ်ထဲ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ၊ သူ့ပုံမှန်ပုံစံနဲ့ မတူဘဲ ဒီနေ့ကျမှ နှုတ်ဆိတ်နေတယ်။
မုမင်ထန် သိချင်စိတ်ကို မျိုသိပ်ထားရတယ်။ သူ စွပ်ပြုတ်သောက်လို့ ပြီးတဲ့နောက် ပန်းကန်တွေ သိမ်းဆည်းပေးရင်း မေးလိုက်တယ်။
"အရှင့်သားနိုးလာတော့ ကျွန်မ အရှင့်သားကို ထားခဲ့ပြီလို့ ထင်နေတာလား"
"မဟုတ်ပါဘူး"
သူက မဟုတ်ဘူး ပြောလာမှတော့ မုမင်ထန်လည်း ထပ်မမေးသင့်တော့ချေ။ သူမ နူးနူးညံ့ညံ့နဲ့ ပြောလာတယ်။
"စိတ်မပူပါနဲ့ အခုဆို ကျွန်မတို့က တစ်လှေတည်းစီးနေကြတဲ့သူတွေ ဖြစ်နေပြီ။ အရှင့်သားနဲ့အတူ အကောင်းအဆိုး အားလုံးကို ရင်ဆိုင်သွားမှာပါ။ နောက်ပြီး အပြင်မှာ ဒီလောက် အစောင့်တွေ အများကြီး ရှိတာ ကျွန်မ ထွက်သွားချင်ရင်တောင် သွားလို့မရဘူး"
ရှဲ့ရွှမ်းချန် ခန်းမဆောင်ရဲ့လျှောက်လမ်းတစ်လျှောက် ထွန်းထားတဲ့ မီးအိမ်တွေကို လိုက်ကြည့်နေမိတယ်။ ယွီလင်းခန်းမဆောင်ရဲ့ အဓိက ခန်းဆောင် ၇ ခုက တစ်ဆက်တည်း ရှိနေတာ ဖြစ်တယ်။ ကြားထဲက တချို့နေရာတွေမှာတော့ မှောင်နေဆဲဖြစ်နေပေမဲ့ ဖယောင်းတိုင်မီးရဲ့အလင်းရောင်က အရှေ့စွန်းက စာကြည့်ခန်းထိ လင်းနေတာကို မြင်နိုင်တယ်။ ဖြိုးဖြိုးဖြဖြ ဖယောင်းတိုင်မီးရောင်ကို ကြည့်ရင်း ရှဲ့ရွှမ်းချန်က မေးလာတယ်။
"တခြားအခန်းတွေမှာ ဘယ်သူမှလည်း မနေတာကို ဘာလို့ မီးထွန်းထားတာလဲ"
"ခန်းမဆောင်တစ်ခုလုံးကို မီးထွန်းထားတော့မှပဲ လူနေတဲ့အိမ်လို့ ခံစားရလို့ရယ်။ တခြားအခန်းတွေမှာ ဘယ်သူမှ မနေရင်တောင်မှ ဒါက အိမ်တော်ရဲ့ အဓိက ခန်းမဆောင်ပဲလေ။ ကျွန်မတို့အိမ်တော်ရဲ့ အဆင့်အတန်းကို ပြန်တည်ဆောက်ဖို့ လိုတယ်"
"အိမ်တော်ရဲ့အဆင့်အတန်းကို ပြန်တည်ဆောက်မယ်" ရှဲ့ရွှမ်းချန်က ရယ်လိုက်ရင်း "မင်းက အချိန်ဖြုန်းနေတာပဲ"
"အဲ့တာက အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုပေမဲ့ ကျွန်မက ဝမ်ဖေးပဲလေ၊ ကျွန်မရာထူးကို ပြဖို့လိုတာပေါ့။ နောက်ပြီး နေ့ဘက်လည်း ဘာမှလုပ်စရာမှ မရှိတာ၊ ခန္ဓာကိုယ်ကိုလည်း လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်သွားတာပေါ့"
ရှဲ့ရွှမ်းချန် နှုတ်ဆိတ်သွားတယ်။ ထို့နောက်
"မင်း ကိုယ့်ကို လက်မထပ်ခဲ့ရင် ဒီနေရာမှာ အခုလို အကျယ်ချုပ်ကျနေမှာလည်း မဟုတ်ဘူး။ ကိုယ့်ကို နတ်ရွာစံဧကရာဇ်ကိုယ်တိုင်က အကျဉ်းချထားခဲ့တာမို့ ကိစ္စမရှိပေမဲ့ မင်းကတော့ ဒီနေရာမှာ ဒုက္ခခံပြီး ကိုယ်နဲ့အတူ မင်းရဲ့အချိန်တွေကို ဖြုန်းတီးပစ်စရာမလိုပါဘူး။ နောက်ရက်တွေကျရင် အစောင့်တွေ နည်းသွားလိမ့်မယ်။ အဲ့အခါကျ မင်း တိတ်တိတ်လေး ထွက်ပြေးလို့ရပြီ"
"လာပြန်ပြီ အဲ့အကြောင်းပဲ" မုမင်ထန် နည်းနည်း စိတ်တိုလာတယ်။ "ဘာလို့ ကျွန်မကို အဝေးပဲ တွန်းပို့နေတာလဲ။ ကျွန်မက အဲ့လောက်တောင် စိတ်ရှုပ်စရာကောင်းလို့လား"
____________________________________________________________________________________________