Chapter 84

1.8K 180 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 84
Translator – Utopia

"ဝမ်ဖေးရဲ့အိပ်ရာပစ္စည်းတွေက ဘယ်မှာလဲ"


စွန်းကူးကူးက ကြမ်းပြင်မှာ နာနာကျင်ကျင် လူးလိမ့်နေတယ်။ မုမင်ထန် သူမကို တစ်ချက်တောင် ကြည့်မသွားဘူး။ ကြမ်းပြင်ပေါ်က သူ့ကို ကျော်ပြီး ရှဲ့ရွှမ်းချန်ဆီ အမြန်ပဲ ပြေးသွားလိုက်တယ်။

"အွန်း အိမ်ပြန်ကြစို့"

မုမင်ထန် သူ့လက်ကို ကိုင်လိုက်တော့မှပဲ သူ့လက်က ပုံမှန်ထက် ပိုအေးစက်နေတာကို သိလိုက်ရတယ်။ သူ့လက်ချောင်းတွေက ရေခဲတွေအတိုင်း အေးစက်နေတာပဲ။ မုမင်ထန် အံ့အားသင့်သွားပြီး ရှဲ့ရွှမ်းချန်ကို လှမ်းကြည့်လိုက်တယ်။ ဘေးတိုက်ရပ်နေတဲ့ သူ့ပုံရိပ်က ဘာကိုမှ ဂရုမစိုက်သလိုမျိုး ‌လွှမ်းမိုးနိုင်စွမ်းရှိတယ်။ မုမင်ထန် စိတ်ထဲက ထင်နေတာကို မျိုသိပ်ရင်း သူ့ကို ကူပြီး ယွီလင်ခန်းမဆောင်ကို လမ်းလျှောက်ပြန်လာကြတယ်။

ရှဲ့ရွှမ်းချန် တစ်လမ်းလုံး လမ်းလျှောက်လာတာဖြစ်တယ်။ ဘယ်သူမှ သူ့အနား မကပ်ရဲကြသလို ဘယ်သူ့ကိုမှလည်း သူက အကူညီမခံဘူး။ ဒီလိုနဲ့ တစ်လမ်းလုံး သူ့ဘာသာပဲ လမ်းလျှောက်လာတယ်။ အခု မုမင်ထန်က သူ့ကို ကူတွဲပေးလာတော့ ရှဲ့ရွှမ်းချန်လည်း မငြင်းတော့ဘဲ သူမနဲ့အတူလျှောက်ရင်း ပြန်ထွက်သွားတယ်။

သူတို့နှစ်ယောက် သွားတော့မှပဲ ဒူးထောက်နေကြတဲ့ ကူးကူးတွေလည်း လှုပ်ရဲကြတော့တယ်။ သူတို့ အမြန်ပဲ စွန်းကူးကူးဘေး ရောက်လာကြပြီး

"စွန်းကူးကူး အဆင်ပြေရဲ့လား"
...............

ရှန့်နန်ချွမ်နဲ့ ကျန်တဲ့အစေခံတွေလည်း ဒူးထောက်ရင်း ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ ထွက်သွားတာကို ကြည့်နေကြတယ်။ သူတို့ ထွက်သွားပြီးနောက်မှ ရှန့်နန်ချွမ် ဖြေး‌ဖြေးချင်း မတ်တတ်ရပ်လိုက်တယ်။ ဖရိုဖရဲဖြစ်နေတဲ့အခန်းကို သူမ တစ်ချက်ကြည့်လိုက်ပေမဲ့ ဘာမှ‌တော့ ပြောမလာခဲ့ဘူး။ ထို့နောက် ခေါင်းငုံ့ပြီး ရှဲ့ရွှမ်းချန်တို့နောက်ကို လိုက်သွားတော့တယ်။

အခုအချိန်က သူများကို စိတ်ပူပေးရမယ့်အခြေအနေမျိုး မဟုတ်ချေ။ အခု သူမကို ချီယန်အိမ်တော်ကို ပို့လိုက်ပြီးပြီဆိုတော့ နန်းတော်ထဲ ဖြစ်သမျှက သူမနဲ့ ဘာမှမဆိုင်တော့ဘူး။

ဘုရားကျောင်းထဲ ခဏလေးအတွင်းမှာ လူတွေနဲ့ ပြည့်နှက်သွားပြီး သိပ်မကြာခင်မှာပဲ လူတွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားကြတယ်။ နောက်ဆုံးကျ တဝေါဝေါတိုက်ခတ်နေတဲ့ ဝါးပင်တွေသာ ဘုရားကျောင်းမှာ ကျန်ရစ်ခဲ့တော့တယ်။

တစ်ဖက်မှာတော့ မုမင်ထန်က ရှဲ့ရွှမ်းချန်ကို ကူပြီး အိပ်ရာထဲ လိုက်ပို့ပေးနေတယ်။ သူတို့နှစ်ယောက်က ခပ်ဖြေးဖြေးပဲ လျှောက်လာကြတာဆိုတော့ နောက်ကလူတွေလည်း သူတို့ကို သွားမလောရဲဘူး၊ နောက်ကနေ တိတ်တိတ်လေးပဲ နှုတ်ဆိတ်ပြီး လိုက်လာခဲ့ကြတယ်။

အခန်းထဲက ထိုင်ခုံမှာ ရှဲ့ရွှမ်းချန် ထိုင်လိုက်ပြီးနောက်မှ အစေခံတွေကလည်း ဝင်လာပြီး သူတို့နှစ်ယောက်အတွက် အခါးရည်ပူပူလေး ပြန်လဲပေးလာတယ်။

ရှန့်နန်ချွမ် အခန်းထဲ ဝင်လာပြီး မျက်လွှာချကာ မုမင်ထန်ကို နှုတ်ဆက်လိုက်တယ်။

"ဝမ်ဖေးကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်မျိုးမနာမည်က ရှန့်နန်ချွမ်လို့ ခေါ်ပါတယ်၊ ကျွန်တော်မျိုးမက အရင်က ကူးကူးတစ်ယောက်ပါ။ ဒါပေမဲ့ မယ်တော်ကြီးက ချီယန်အိမ်တော်မှာ ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ကို ခစားမယ့် အစေခံတွေ မရှိတာ မြင်တော့ ကျွန်တော်မျိုးမကို ဒီကို အခစား လွှတ်လိုက်တာပါ"

တရုတ်ပြက္ခဒိန်ရဲ့ ကိုးရက်မြောက်နေ့မှာ ရှဲ့ရွှမ်းချန် စိတ်ဖောက်ပြန်သွားတာဖြစ်ပြီး နောက်နေ့ နေ့လယ်ခင်းမှာ မုမင်ထန်ကို ခေါ်သွားကြတာ ဖြစ်တယ်။ သူမ ထွက်သွားတုန်းက အိမ်တော်မှာ အစေခံ ၄ ယောက်ပဲရှိတယ်။ နှစ်‌ယောက်က ကျန်းအိမ်တော်က ဖြစ်ပြီး နှစ်ယောက်က ကျင်းအိမ်တော်က ဖြစ်တယ်။ နန်းတော်က အစေခံတွေ ပို့လိုက်တဲ့အချိန် သူမက စွန်းကူးကူးဆီ ပိတ်လှောင်ခံထားရတာမို့ ရှန့်နန်ချွမ်ကို သူမ မမြင်ဖူးတာ ဖြစ်တယ်။

ရှန့်နန်ချွမ်က သူမကိုယ်သူမ မိတ်ဆက်ပြီးတဲ့နောက် သူမက ချီယန်အိမ်တော်ရဲ့ ဝေယျာဝစ္စတွေကို စီမံခန့်ခွဲပေးရမယ့် အိမ်တော်ထိန်းမှန်း သူမ သိလိုက်တယ်။ အိမ်တော်စည်းမျဉ်းတွေက နန်းတော်ထဲလောက် မတင်းကြပ်ပေမဲ့လည်း ရာထူးအဆင့်သတ်မှတ်ချက်တွေကတော့ ရှိနေဆဲဖြစ်တယ်။ တိတိကျကျ ပြောရရင် ဒီမှာရှိတဲ့သူအားလုံးက အရာရှိတွေလို့ ပြောလို့ရတယ်။ ချီယန်အိမ်တော်မှာ သူ့လူနဲ့သူ အကုန်ရှိခဲ့ပေမဲ့ တစ်ယောက်ပြီးတစ်‌ယောက် သေရင်သေ မသေရင် နှုတ်ထွက်သွားကြတာနဲ့ အိမ်တော်လည်ပတ်ပုံတစ်ခုလုံးက တဖြေးဖြေး အစွန့်ပစ်ခံလို ဖြစ်နေခဲ့တယ်။ ဒီနှစ်မတိုင်ခင်အထိတောင် အိမ်တော်မှာ အစေခံတစ်ယောက်မှ မရှိခဲ့ဘူး၊ အိမ်တော်တစ်ခုလုံး အစောင့်ရဲမက်တွေနဲ့သာ ပြည့်နှက်နေတယ်။

ပြောရရင် အိမ်တော်ဆိုတာထက် တကယ်တမ်းကျ အကျဉ်းထောင်နဲ့တောင် ပိုတူနေပြီ။

သူတို့တွေ အခုလို လုပ်ရဲနေကြတာကလည်း ရှဲ့ရွှမ်းချန်က အချိန်တော်တော်များများမှာ မေ့မြောနေပြီး နိုးလာရင်လည်း လက်ထိတ်တွေကြောင့် ကောင်းကောင်း မလှုပ်ရှားနိုင်ဘူး။ ယွီလင်ခန်းမဆောင်အပြင်ဘက်က အဆင်တန်ဆာသက်သက်သာ ဖြစ်လာခဲ့ပြီး ခန်းမဆောင်ထဲ အစေခံတွေထားဖို့လည်း မလိုအပ်တော့ဘူးပေါ့။

ဒါပေမဲ့ အခု ရှဲ့ရွှမ်းချန်က နိုးလာပြီး လက်ထိတ်တွေကိုလည်း ဖြုတ်ပစ်လိုက်ပြီဆိုတော့ကာ ချီယန်အိမ်တော်သာ မြို့ပျက်ကြီးလိုပဲ ဆက်ဖြစ်နေရင် ဒါက ဘယ်လိုမှ မသင့်တော်တော့ချေ။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now