Chapter 22

2.6K 227 2
                                    

Chapter 22
December 3, 2023
I’ll Be the Male Lead’s Sister-in-Law
Chapter 22
Translator – Utopia
ရှဲ့ရွှမ်းကျီက ရှဲ့ရွှမ်းချန်အစား သူမကို ဒီအထိ ခေါ်လာပေးခဲ့တယ်ဆိုပေမဲ့ ကျန်တဲ့မင်္ဂလာထုံးတမ်းတွေကို သူ ဝင်လုပ်ပေးလို့ မရချေ။ မုမင်ထန်လည်း ‌ရွေးချယ်စရာမရှိတဲ့အတွက် အိမ်တော်ထဲ သူမဘာသာပဲသူမ ဝင်လာခဲ့လိုက်တော့တယ်။ မင်္ဂလာအခမ်းအနားမှူးရဲ့စကားအတိုင်း မိုးမြေကန်တော့ပြီးနောက် ဘိုးဘေးတွေကို ကန်တော့တယ်၊ ဒီနောက် နောက်ဆုံးအနေနဲ့ သူမဘေးက နေရာလွတ်ကို အရိုအသေပေး ဦးညွှတ်လိုက်တယ်။
“မင်္ဂလာသတို့သမီး မင်္ဂလာအိပ်ခန်းဆောင်ကို ဝင်နိုင်ပြီ!”
အခမ်းအနားမှူးက အမြန်ပဲ အော်ပေးသွားပြီး ဒီမှာကြာကြာနေမိရင် သေတော့မယ့်အတိုင်း ခပ်မြန်မြန် ထွက်သွားတော့တယ်။ မင်္ဂလာနောက်လိုက် အစေခံတွေက အမြန်ပဲ သူမကို ကူညီပြီး အိပ်ဆောင်ဝင်ဖို့ လုပ်ပေးလာတယ်။
ချီယန်အိမ်တော်ထဲ ဝင်ရဲတဲ့သူက မရှိသလောက်ပဲ၊ မင်္ဂလာပွဲအတွက် အဆောင်အယောင်အနေနဲ့ဆို ပိုဆိုးပေါ့။ ဒါ့ကြောင့်မို့ မင်္ဂလာနောက်လိုက်အစေခံတွေဆိုတာလည်း ရှဲ့ရွှမ်းချန်နေတဲ့ ပင်မခြံဝန်းက အစေခံမလေး နှစ်ယောက်သာ ဖြစ်တယ်။
လေထုက ပိုပြီး တင်းမာလာတယ်။ ဓားလှံတွေဆီက တချွမ်ချွမ်အသံကိုတောင် သူမ ကြားလာရသလိုပဲ။ သူမ ရှေ့ကို ဆက်လျှောက်သွားလေ မုမင်ထန်နောက်က အစေခံလေးနှစ်ယောက်ခမျာ ကြောက်လို့ အသက်တောင်ရဲရဲ မရှူရဲကြဘူး။ ပင်မခြံဝန်းရဲ့ အဝင်ကို ရောက်တဲ့အခါ နှစ်ယောက်သား ချက်ချင်းပဲ နောက်ကို ခြေနှစ်လှမ်းဆုတ်သွားကြပြီး
“ဝမ်ဖေး အရှေ့ဆို မင်္ဂလာအိပ်ခန်းဆောင်ကို ‌ရောက်ပါပြီ။ ကျွန်တော်မျိုးမတို့ လိုက်ပါဖို့ မသင့်တော်တာကြောင့် ဝမ်ဖေးကိုယ်တိုင်ပဲ ဝင်သွားပေးပါ”
ပြောပြီးတာနဲ့ အရိုအသေတောင် မပေးနိုင်တော့ဘဲ ချက်ချင်း လှည့်ပြေးသွားကြတော့တယ်။ တစ်ယောက်ဆို ကြောက်လွန်းအားကြီးလို့ ချော်တောင်လဲတယ်။
မုမင်ထန် သက်ပြင်းချလိုက်တယ်။ သူမ အသွင်အပြင်နဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုတော့တာကြောင့် ပဝါကို ဖယ်လိုက်ပြီး သူမရှေ့က မြင့်မားခမ်းနားတဲ့ တံခါးကြီးကို ကြည့်နေမိတယ်။
တံခါးနှစ်ချပ်လုံးက ကြီးမားပြီး အပေါ်မှာ နဂါးရုပ်မျိုးစုံကို ထွင်းထုထားတယ်။ အချိန်တွေ ကြာမြင့်ခဲ့ပြီမို့ ဖုန်အလိမ်းလိမ်းတက်နေခဲ့ပေမဲ့လည်း နဂါးရဲ့အကြည့်တွေထဲ သတ်ဖြတ်ခြင်းအငွေ့အသက်တွေကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
ဒီကြောက်မက်ဖွယ် ပန်းပုရုပ်တွေ‌ကို ကြည့်ရင်း မုမင်ထန် ကြောက်ရွံ့လာပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး လက်ကိုင်ပေါ် သူမလက်ကို တင်လိုက်တယ်။ အသက်ကို ဝဝရှူရင်း တံခါးကို တွန်းဖွင့်လိုက်တယ်။ အံ့ဩစရာကောင်းအောင် တံခါးက တကျွိကျွိအသံ ထွက်မလာခဲ့ဘူး။ ဒီတံခါးတွေကို ဘယ်လောက်တောင် လက်ရာမြောက်အောင် ထွင်းထုဖန်တီးခဲ့လဲဆိုတာ တွေးကြည့်လို့ရတယ်။
အိပ်ခန်းဆောင်က ကြီးမားပြီး အဆုံးကိုတောင် သူမ မမြင်နိုင်ဘူး။
သူမရဲ့ ရှိစုမဲ့စုသတ္တိလေးတွေလည်း ပျောက်ကုန်ပြီ။ သူမလှည့်ကြည့်လိုက်တော့ နောက်မှာ ဘယ်သူမှလည်း ရှိမနေဘူး။ သံချပ်ကာ အပြည့်အစုံဝတ်ထားတဲ့ စစ်သားတွေက အဝင်အဝမှာ မလှုပ်မယှက် စောင့်ကြပ်နေတယ်။ ဒါပေမဲ့ အနီးကပ်ကြည့်ခဲ့မယ်ဆို သူတို့ခန္ဓာကိုယ်က တောင့်တင်းနေပြီး ဓားလှံတွေကို ကျစ်ကျစ်ကိုင်ထားကြတာကို မြင်ရလိမ့်မယ်။
သူမကို ဘယ်သူမှ ကူညီကြမှာ မဟုတ်မှန်းသိတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်တယ်။ ‘ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့တဲ့သူတွေက ပိုကောင်းတဲ့အနာဂတ်ကို ပိုင်ဆိုင်ရတယ်’ လို့ သူမစိတ်ထဲ ရေ‌ရွတ်လိုက်ရင်း သတ္တိမွေးကာ အရှေ့ကို ဆက်ဝင်သွား‌တော့တယ်။
သူမနောက်က တံခါးကို ပြန်ပိတ်လိုက်ပြီး အထဲကို ဖြေးဖြေးနှေးနှေးနဲ့ သူခိုးလို ခြေသံမထွက်အောင် ဝင်လာခဲ့တယ်။ ချီယန်အိမ်တော်က ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလဲဆိုတာ သူမ မြင်ခဲ့ရတယ်၊ အထူးသဖြင့် ချီယန်ဝမ်နေထိုင်တဲ့ ပင်မခြံဝန်းပေါ့။ အရင်ကတော့ အစေခံတွေနဲ့ ပျားပန်းခပ်ရှိခဲ့ပေမဲ့ အခုကျ လူသူကင်းမဲ့လို့ နေတယ်။ တကယ်ကို ခြောက်ခြားစရာပဲ။
ခန်းဆီးလိုက်ကာတွေကြားထဲကနေ ကျားတစ်ကောင်က ဝုန်းကနဲထွက်လာပြီး သူမကို ကိုက်စားတော့မလားဆိုပြီး မုမင်ထန် ကြောက်ကြောက်လန့်လန့်နဲ့ တွေးနေမိတယ်။ ဒါပေမဲ့ ချက်ချင်းပဲ သူမကိုယ်သူမ ပေါက်ကရတွေ တွေးနေမိတဲ့အတွက် ဆူလိုက်တယ်။ သူမ ရပ်လိုက်ပြီး ဆံပင်ကို သပ်လိုက်တယ်။ ထို့နောက် အသံခပ်ဖျော့ဖျော့နဲ့
သူမရဲ့အသံက ခန်းဆောင်ထဲ ပဲ့တင်ထပ်သွားပေမဲ့ ဘယ်စကားသံမှာ ပြန်မတုံ့ပြန်လာခဲ့ချေ။ မုမင်ထန် သာမန်အရပ်သားတွေရဲ့ အကောင်းမြင်စိတ်နဲ့ ကြိုးစားမြင်ကြည့်လိုက်တယ်။ သေသေရှင်ရှင် ဒီလိုခမ်းခမ်းနားနား အိမ်တော်ကြီးမှာ နေခွင့်ရတာနဲ့တင် တန်နေပါပြီ!
သူမအတွေးကို ပြောင်းလိုက်ပြီးနောက် မုမင်ထန် ချက်ချင်းဆိုသလို စိတ်တည်ငြိမ်သွားတယ်။ သူမ လည်ချောင်းရှင်းလိုက်ပြီး ထပ်ခေါ်လိုက်ပြန်တယ်။
“ချီယန်ဝမ်ကျွင်း ကျွန်မနာမည်က မုမင်ထန်ပါ။ ဒီနေ့ အရှင့်ရဲ့ သတို့သမီးအနေနဲ့ မင်္ဂလာခန်းဝင်ခဲ့ပါပြီ။ အရှင်သာ မငြင်းပယ်ဘူးဆိုရင် သဘောတူခွင့်ပြုတယ်လို့ မှတ်ယူပြီး အရှင် ကျွန်မနဲ့အတူ တစ်သက်လုံး နေသွားရပါမယ်”
အခန်းထဲမှာ အသံတွေက တိတ်ဆိတ်နေဆဲဖြစ်တယ်။ သူမ ချက်ချင်းဆိုသလို ခန်းမဆောင်ထဲ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း သူမအတွက် နေစရာနေရာလေးတစ်ခု လိုက်ရှာနေတော့တယ်။ နေရာတစ်ခုတွေ့သွားတဲ့အခါ ချက်ချင်းပဲ ဇာမဏီသရဖူကို ချွတ်လိုက်ပြီး ပုခုံးကြောတွေ ဆန့်လိုက်တယ်။ ဒီနောက် သူမရဲ့နေရာလေးကို သန့်ရှင်းရေးလုပ်ဖို့ တစ်ခုခု တွေ့မလား လိုက်ရှာနေတယ်။
မင်းသားတစ်ပါးရဲ့ အိမ်တော်ဖြစ်စေကာမူ နှစ်လများစွာ ဖုန်တွေ တက်နေခဲ့တာကြောင့် အိုမင်းဟောင်းနွမ်းလို့နေတယ်။ မုမင်ထန် မင်္ဂလာဝတ်စုံကို ချွတ်ပစ်လိုက်ပြီး အမြန်ပဲ သူမဘေးက ပရိဘောဂတွေကို ဖုန်သုတ်လိုက်တယ်။
ရှဲ့ရွှမ်းချန်ရဲ့ ပင်မခြံဝန်းက ချီယန်အိမ်တော်ရဲ့ ဗဟိုမှာ တည်ရှိပြီး ယွီလင် စံအိမ်တော်လို့ အမည်ရတယ်။ အခန်းခုနှစ်ခန်းပါဝင်ပြီး အရှေ့ဘက်ခန်းဆောင်နဲ့ အနောက်ဘက်ခန်းဆောင်ကြားမှာ ကျယ်ဝန်းတဲ့ လူသွားစင်္ကြံလမ်းတစ်ခုနဲ့ ဆက်သွယ်ပေးထားတယ်။
အရပ်သားတစ်ယောက်ဖြစ်တဲ့ မုမင်ထန်အဖို့ ဒီလို စံအိမ်တော်မျိုး တစ်ခါမှ မမြင်ဖူးဘူး။ အနောက်ဘက်ခန်းဆောင်က ဧည့်ကြိုခန်းမဆောင်ရဲ့အစွန်ခန်းလေးတစ်ခုကို သူမအခန်းအနေနဲ့ လုပ်ထားလိုက်တယ်။ ထိုင်ခုံတွေ၊ မှန်တင်ခုံနဲ့ မြင့်မားတဲ့ ဘီရိုကို သုတ်ပြုပြီးတဲ့နောက် သူမ စိတ်ချမ်းသာသွားတော့တယ်။ အခန်းထဲ ဒီပစ္စည်းတွေ ရှိနေတာတောင်မှ ကောင်းကောင်းလမ်းပတ်လျှောက်လို့ရအောင် ကျယ်ဝန်းနေသေးတယ်။
_______________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now