Chapter 49

2.2K 238 1
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 49
Translator – Utopia

"မင်း ဘယ်လိုလုပ်လိုက်တာလဲ"

"လွယ်ပါတယ်။ ကြိုးကို အထဲထည့်လိုက်ပြီး အထဲက အဖုတုံးလေးတွေကို စမ်းမိတဲ့အခါ အမာဆုံးတစ်ခုကို ကြိုးနဲ့ ဟိုရွှေ့ဒီရွှေ့လုပ်လိုက်။ အဲ့အဖုလေးတွေ အားလုံး ညီသွားတဲ့အခါ သော့ပွင့်သွားပြီ"

ရှဲ့ရွှမ်းချန် သူမပြောသလို အကြာကြီး လုပ်ကြည့်နေပေမဲ့ ဘာမှဖြစ်မလာခဲ့ဘူး။ သူ တော်တော်လေး ခေါင်းစားနေပြီ။

"အထဲမှာ အဖုတုံးလေးတွေက အများကြီးပဲလေ။ ဘယ်တစ်ခုကို ဟိုရွှေ့ဒီရွှေ့ လုပ်ရမှာလဲ"

"အမာဆုံးနဲ့ အားအကောင်းဆုံးဟာလေ"

အားကောင်းတယ်? အဲ့ဒါက ဘယ်လိုညွှန်းဆိုချက်ကြီးလဲ? ရှဲ့ရွှမ်းချန် ဘယ်လိုပဲ လုပ်ကြည့်ကြည့် ရလဒ်က အရင်အတိုင်းပဲဖြစ်တယ်။ သူ့မျက်စိနဲ့သာ ကိုယ်တိုင်မမြင်ခဲ့ရဘူးဆို မုမင်ထန် သူ့ကို ညာနေတယ်ပဲ ထင်မိမှာ။ သူ ဘယ်လိုပဲကြိုးစားပါစေ နောက်ဆုံးတော့ ရှုံးနိမ့်သွားတာချည်းပဲ။ ရွှေနန်းကြိုးမျှင်ကို သူမဆီ ထိုးပေးရင်း အနီးကပ်ကြည့်ကာ

"ထပ်လုပ်ကြည့်"

"အို" မုမင်ထန် အိပ်ရာပေါ်က လက်ထိတ်ကို လှမ်းကိုင်လိုက်တော့ ရှဲ့ရွှမ်းချန်က ရုတ်တရက် သူမကို တားလာတယ်။ သူ့တခြားလက်တစ်ဖက်ကို ထုတ်ပေးရင်း

"ဒီဖက်ကို လုပ်ကြည့်"

မုမင်ထန်ကတော့ ဘယ်လိုမှ မမြင်ပါဘူး။ သံလက်ထိတ်က တစ်ဖက်နဲ့တစ်ဖက် ဖွဲ့စည်းပုံချင်းမတူသလို တည်ဆောက်ထားပုံကလည်း ရှုပ်ထွေးတယ်။ မုမင်ထန် နန်းကြိုးမျှင်ကို ဖြေးဖြေးချင်း ချော့ထည့်ရင်း အဖုတုံးလေးတွေ ရှိတဲ့နေရာကို ချမှတ်နေတယ်။ နောက်ဆုံးကျ သူမ ဘယ်တစ်ခုကို လုပ်လိုက်လဲ သူ မသိပေမဲ့ ကလစ်ဆိုတဲ့အသံနဲ့တူ လက်ထိတ်က ပွင့်သွားပြန်တယ်။

မုမင်ထန်တောင် ပြောပြစရာမလိုဘူး ရှဲ့ရွှမ်းချန်လည်း လက်ထိတ်ပွင့်သွားတာကို ခံစားလိုက်ရတယ်။ ချက်ချင်းပဲ သံမဏိကြိုးတွေကို ဖြုတ်ချလိုက်ပြီး အချိန်အတော်ကြာ ပြောစရာစကား  ပျောက်ရှနေတော့တယ်။

ရှဲ့ရွှမ်းချန်က ဘာမှပြောမလာတော့ သူမလည်း ဘာမှမပြောရဲချေ။ ခဏကြာတဲ့နောက် အသံတိုးတိုးလေးနဲ့

"တကယ် ကျွန်မ အခုမှ စလုပ်ဖူးတာပါ။ ကျွန်မ အရင်က ဘယ်မှာမှ မလုပ်ဖူးပါဘူး"

မုမင်ထန်ကတော့ ရှင်းပြဖို့ ကြိုးစားနေပေမဲ့ ရှဲ့ရွှမ်းချန်ခမျာ နားထောင်လေ ပိုခေါင်းစားလာလေပဲ။ ‌နောက်ဆုံးကျ သက်ပြင်းချလိုက်ရင်း

"မင်းတို့မိသားစုက ဘာစီးပွား‌ရေးလုပ်ကြတာလဲ"

"ရှေးဟောင်းပစ္စည်း၊ ကြွေထည်၊ ပိုးထည်၊ ပန်းချီကား အစုံအစုံပါပဲ"

"ဒါဆို ဘယ်လိုလုပ် သော့ဖျက်တတ်နေတာလဲ"

"စစ်ပြေးရင်းနဲ့ လမ်းမှာ သူခိုးတစ်ယောက်ဆီက သင်ခဲ့တာ"

သူမက ငယ်ငယ်ကတည်းက သင်လာခဲ့ဖူးတာတောင် မဟုတ်ဘူးတဲ့။ ရှဲ့ရွှမ်းချန် သက်ပြင်းချရင်း သူမကို လုံးလုံး အရှုံးပေးလိုက်ရတော့တယ်။

"ကောင်းပြီ၊ မင်းစိတ်မှန်းအတိုင်း ကျန်တဲ့နောက်နှစ်ခုကို ဖွင့်ပေး"

မုမင်ထန် လက်ထိတ်တွေ အားလုံးကို ဖွင့်ပြီးတဲ့နောက် အိပ်ရာခြေရင်းမှာပဲ ရှဲ့ရွှမ်းချန်ကို တိတ်တိတ်လေး ကြည့်နေတယ်။ ဘာကြောင့်ရယ်မသိ သူမ စကားစမပြောရဲချေ။ နှစ်ယောက်သား အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ကြပြီးနောက် မုမင်ထန်က တီးတိုးဆိုလာတယ်။

"အရှင့်သား လက်ထိတ်တွေလည်း မရှိတော့ဘူးဆိုတော့ လမ်းစမ်းလျှောက်ကြည့်ကြမလား"

ဒီလက်ထိတ်တွေက ရှဲ့ရွှမ်းချန်အတွက်တော့ မေ့မြောနေတဲ့ကာလတစ်ယောက်လုံး နတ်ဆိုးတမျှ ခံစားခဲ့ရတဲ့အရာတွေပဲဖြစ်တယ်။ အခုကျ ရုတ်တရက်ဆိုသလို သူ မထရဲတော့ဘူး ဖြစ်နေတယ်။ မုမင်ထန် သူ့အခြေအနေကို တိတ်တိတ်လေး ကြည့်နေတယ်။ ခဏကြာတဲ့နောက် ပြုံးပြလိုက်ပြီး

"ကျွန်မကလည်း နမော်နမဲ့နိုင်လိုက်တာနော်။ အရှင့်သားက မေ့မြောပြီး အိပ်ရာထဲလဲနေခဲ့တာ အကြာကြီးရှိနေပြီဟာ အချိန်တစ်ခုထိတော့ ပြန်ကောင်းဖို့ အားယူရဦးမှာပဲ။ ကျွန်မ အလျင်လိုသွားတယ်။ ကျွန်မက သမားတော်မဟုတ်ပါဘူး။ ကျွန်မပြောတဲ့စကားတွေကို အတည်မယူနဲ့ရယ်"

မုမင်ထန်တောင် စကားပြောလို့မဆုံးသေးဘူး ရှဲ့ရွှမ်းချန်က အိပ်ရာပေါ်က ကုန်းထနေပြီ။ မုမင်ထန် လန့်သွားပြီး ချက်ချင်းပဲ သူ့ကို ကူပေးဖို့ လုပ်လိုက်တယ်။ ဒါပေမဲ့ ရှဲ့ရွှမ်းချန်က တွန်းထုတ်လိုက်ပြီး

"မလိုဘူး"

ရှဲ့ရွှမ်းချန်နိုးလာတာ ဘယ်လောက်မှ မကြာသေးချေ။ အခုလို ထိုင်နေတာနဲ့တင် သူ့အတွက် တော်တော် အားသုံးထားရတာ။ အခု မုမင်ထန် ကူပေးတာကိုလည်း လက်မခံဘဲ အိပ်ရာစွန်းမှာ အချိန်အတော်ကြာ ထိုင်ရင်း မတ်တတ်ရပ်နိုင်ဖို့ ကြိုးစားနေတယ်။

သူ မတ်တတ်ရပ်နိုင်သွားချိန်မှာ သူ့ခန္ဓာကိုယ်က တုန်ယင်နေတယ်။ မုမင်ထန် အမြန်ပဲ သူ့ကို ကူတွဲပေးလိုက်တယ်။ သူမရဲ့အကူအညီနဲ့ ရှဲ့ရွှမ်းချန် နှစ်လှမ်းလောက်ပဲ လျှောက်နိုင်လိုက်ပြီး ဘယ်လိုမှ ဆက်မလျှောက်နိုင်တော့ချေ။ မုမင်ထန် အမြန်ပဲ သူ့ကို အိပ်ရာဆီ ပြန်တွဲလာပေးရင်း စောင်ခြုံပေးကာ

"အရှင့်သား ဘာမှမဖြစ်ဘူး၊ ‌ဖြေးဖြေးချင်း လုပ်ကြတာပေါ့"

ရှဲ့ရွှမ်းချန်က အိပ်ရာပေါ်မှာပဲ လှဲနေခဲ့ရတာ အချိန်အတော်ကြာရှိနေပြီ၊ သူ့ပေါင်ရိုးတွေက မထိခိုက်ထားတာတောင်မှ နှစ်လှမ်းပဲ လျှောက်ရသေးတာကို တော်တော်လေး ပင်ပန်းနေခဲ့ပြီ။ မုမင်ထန် သူ့အတွက် ရေခပ်လာပေးရင် ဂရုတစိုက်နဲ့ တိုက်ပေးနေတယ်။

"အရှင့်သားက အခုမှ နိုးလာတာလေ။ အခုအချိန်မှာ ခန္ဓာကိုယ်က အများကြီး အားနည်းနေသေးတယ်။ အခု ခဏလောက် အနားယူလိုက်ပါဦး။ တဖြေးဖြေးချင်း အရင်လို ပြန်ကောင်းလာမှာပါ။ အခုဆို သံလက်ထိတ်တွေလည်း မရှိ‌တော့ဘူးဟာ ကျွန်မတို့ ကြိုးစားကြည့်ဖို့ အချိန်တွေအများကြီး ရှိပါတယ်"
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now