Chapter 59

2.2K 216 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 59
Translator – Utopia

"ယခင်ခင်ပွန်းလောင်းရဲ့မင်္ဂလာပွဲဆိုမှတော့ ဖျက်ဆီးပေးရမှာပေါ့"

မုမင်ထန် အထဲကိုလျှောက်လာရင်း ရှဲ့ရွှမ်းချန်ရဲ့ စကားကို ကြားတဲ့အခါ သူမ ကြောက်လည်းကြောက် ရှက်လည်း ရှက်သွားမိတယ်။
တော်သေးတာပေါ့၊ မဟုတ်ရင် ဒီနေ့ သူမကော ရှဲ့ရွှမ်းချန်ကော လူမိသွားမှာ အသေချာပဲ။ မုမင်ထန် သက်ပြင်းချလိုက်ရင်း အိပ်ရာဘေးထိုင်ကာ
"သူက မင်းသားကျင်းလေ၊ ကျွန်မက သူ့ကို ဘယ်လိုလုပ် တားနိုင်မှာတဲ့လဲ။ ကျွန်မ သူ့ကို အမှန်အတိုင်းပြောထားပြီးသားကိုတောင် သူက လက်မခံချင်သေးဘူး"
အချစ်ရေးအချစ်ရာဇာတ်လမ်းတွေနဲ့ ပတ်သက်ပြီး ရှဲ့ရွှမ်းချန် အဲ့လောက် စိတ်မဝင်စားချေ။ ဒါပေမဲ့ အခု ဇာတ်လိုက်နှစ်ယောက်က သူ့ညီဝမ်းကွဲနဲ့ ဇနီးဖြစ်နေတော့ကာ သူ့စိတ်ထဲ ရှင်းပြရခက်တဲ့ ခံစားချက်တစ်မျိုး ဖြစ်လာတယ်။
ရှဲ့ရွှမ်းချန် တစ်ချက် ပြုံးလိုက်တယ်။ မျက်ဝန်းထောင့်က မှဲ့လေးက ပင့်တက်သွားပြီး အပြုံးကို ပိုသက်ဝင်စေတယ်။ ဒါပေမဲ့ သူ့အပြုံးထဲ နွေးထွေးကြင်နာမှု တစ်စက်မှ မရှိဘဲ ရေခဲသွားလိုပဲ ရက်စက်ကြမ်းကြုတ်ခြင်းတွေကို သိုဝှက်ထားတယ်။ သူ့အကြည့်က တစ်ခဏအတွင်းမှာပဲ ရေခဲသွားတွေလို သူမနှလုံးသားကို ဖောက်ထွင်းတော့မလားပဲ။
သူက လူကဲခတ်တော်မှန်း ရှဲ့ရွှမ်းချန်ကိုယ်တိုင်လည်း သိတယ်။ သူမကို ခဏကြာ စိုက်ကြည့်နေပြီးတဲ့နောက် မုမင်ထန် လိမ်ပြောနေတာမဟုတ်မှန်း သိလိုက်ရတယ်။ ရှဲ့ရွှမ်းချန် နည်းနည်း သိချင်သွားမိတယ်။
"မင်းတို့နှစ်ယောက်က အရင်က သုံးလေးလလောက် စေ့စပ်ထားခဲ့ကြတာမလား။ သူက မင်းဆီ ခဏခဏ လာခဲ့တယ်၊ အခုလည်း မင်္ဂလာဆောင်ကိုတောင် ကိုယ်တိုင်လာဖိတ်သွားသေးတယ်။ မင်း သူ့ကို မလွမ်းဘူးဆိုတာ သေချာလား"
"မလွမ်းဘူး" မုမင်ထန်က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ပြန်ဖြေလာတယ်။ သူမ အံကြိတ်ရင်း
"ကျွန်မ ‌စိတ်ဆိုးတာပဲရှိတယ်။ အားလုံးက ကျွန်မက သူ့ကို တမ်းတမ်းစွဲ ချစ်မိနေပြီး သူကကျ ကျွန်မကို ပြန်မချစ်ခဲ့ဘူးလို့ပဲ ထင်နေကြတယ်။ သူကိုယ်တိုင်တောင်မှ အဲ့လိုထင်နေတယ်။ အဓိပ္ပာယ်မရှိတာတွေ၊ လူတိုင်း ဟန်ဆောင်တတ်တယ်။ ကျွန်မ သူ့ကို အစကတည်းကကို မချစ်ခဲ့ဖူးတာ"
မုမင်ထန်က ညာနေဟန်မပေါ်ချေ။ ရှဲ့ရွှမ်းချန်တောင် နည်းနည်း မယုံသလိုနဲ့ မေးလာတယ်။
"တကယ်လား"
သူမစကားကို မယုံတာတော့ မဟုတ်ပေမဲ့ ယုတ္တိကျကျစဥ်းစားရင် ဒါက ဘယ်လိုမှ မဖြစ်နိုင်ပဲ။ ရှဲ့ရွှမ်းချန်အနေနဲ့ လျန်အန်းကရောက်လာတဲ့ ဝမ်းကွဲညီဆိုသူကို ငယ်ငယ်ကတည်းက သဘောမကျခဲ့ချေ။ သူ့စိတ်ထဲ အဲ့ကလေးက နည်းနည်း ဟန်ဆောင်လှည့်စားတတ်တယ်လို့ ခံစားရပေမဲ့ ရှဲ့ယီကတော့ သူ့ကို သဘောကျခဲ့တယ်။ ရှဲ့ယီက ဘယ်တုန်းကမှ ရှဲ့ရွှမ်းချန်အပေါ်  မကြင်နာခဲ့ပေမဲ့ ရှဲ့ရွှမ်းကျီကိုတော့ အမြဲ ချီးမွမ်းမြှောက်စားတတ်တယ်။ ရှဲ့ရွှမ်းကျီက ယဉ်ကျေးရည်မွန်ပြီး စိတ်ရှည်တတ်ကာ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းနိုင်တယ်လို့ ရှဲ့ယီမြင်မိတယ်၊ ဒါပေမဲ့ တစ်ဖက်မှာ သူ့သားကတော့ စိတ်ကြီးဝင်ပြီး အထက်စီးဆန်လွန်းတယ်။
ရှဲ့ယီကြောင့်မို့လို့လည်း ရှဲ့ရွှမ်းချန် သူ့အပေါ် သိပ်အမြင်ကောင်းမရှိတာဖြစ်တယ်။ ဒါပေမဲ့ ပြောရရင် ရှဲ့ရွှမ်းကျီကို လူတိုင်းနီးပါးကကို ချီးမွမ်းကြတာပါပဲ။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ ရှဲ့ရွှမ်းကျီက တော်ဝင်မျိုးနွယ်ဝင် ဖြစ်တဲ့အပြင် အရည်အချင်းရှိပြီး ရည်မွန်တာကြောင့် မိန်းကလေးတွေကြား အတော်လေး ရေပန်းစားတယ်။ တစ်ဖက်မှာ ရှဲ့ရွှမ်းချန်ကတော့ စစ်သားတွေနဲ့ပဲ တစ်နေကုန် လေ့ကျင့်နေရတာမို့ ဒီလိုကိစ္စတွေကို ဂရုမစိုက်အားချေ။ ဒါပေမဲ့ မိန်းကလေးတော်တော်များများရဲ့ အိပ်မက်ထဲက ချစ်သူက ရှဲ့ရွှမ်းကျီဆိုတာတော့ သူ သိပါသေးတယ်။
သူ့ကို တစ်ခါနှစ်ခါ မြင်ဖူးတဲ့မိန်းကလေးတွေတောင် စုံမက်မိတတ်ကြသေးတာ၊ အခုလို တစ်နှစ်နီးပါး အတူရှိခဲ့ကြပြီး စေ့တောင်စေ့စပ်ခဲ့ဖူးတာကို မုမင်ထန်က တကယ်ပဲ သူ့အပေါ် ခံစားချက်မရှိဘူးတဲ့လား?
ရှဲ့ရွှမ်းချန် အပြင်မှာတော့ ပြုံးနေပေမဲ့ သူ့အကြည့်တွေကတော့ သေချာတဲ့အဖြေတစ်ခုကို ရှင်းရှင်းလင်းလင်းကြားရဖို့ ရှာဖွေနေတုန်းပဲ။ မုမင်ထန်လည်း အတိတ်ကို ပြန်တွေးမိတော့ သက်ပြင်းချလိုက်ရင်း
"ပုံပြင်ဆန်တဲ့အချစ်မျိုးကို မလိုချင်တဲ့မိန်းကလေးရယ်လို့ ဘယ်ရှိပါ့မလဲ။ ကျွန်မရဲ့ စိတ်ကူးထဲက ချစ်သူက နူးညံ့ပြီး မြင့်မြတ်တယ်၊ ဒါ့အပြင် ကျွန်မတစ်ယောက်တည်းကိုပဲ မြတ်မြတ်နိုးနိုး ချစ်နေရမယ်။ တကယ်လို့ ကျွန်မသာ ကျန်းမင်ဝေ့ဆိုရင် သူ့ကို ချစ်မိသွားလောက်မှာပါ။ ဒါပေမဲ့ ကျွန်မက သူမမှ မဟုတ်ဘဲ"
ရှဲ့ရွှမ်းချန်ရဲ့အကြည့်က အနည်းငယ်ပြောင်းသွားတယ်၊ ဒါပေမဲ့ ဘာမှတော့ မပြောလာချေ။ သူမက ဆက်ပြောလာတယ်။
"သူက အမြဲတမ်း ကျွန်မကို ကျန်းမင်ဝေ့လို့ပဲ မြင်ခဲ့တာ။ သူမနဲ့မတူတဲ့နေရာတိုင်းအတွက် ကျွန်မကို ပြစ်တင်ပြောဆိုခဲ့တယ်။ ဘယ်မိန်းကလေးကများ တစ်စုံတစ်ယောက်ရဲ့ အစားထိုးခံ ဖြစ်ချင်မှာတဲ့လဲ။ ဘယ်သူကများ မှားရွေးမိတဲ့သူတစ်ယောက်လို ဆက်ဆံခံချင်မှာလဲ။ ကျွန်မ ကျန်းမင်ဝေ့ရဲ့မွေးနေ့အတိုင်း၊ ဇာတာခွင်အတိုင်း၊ အမူအကျင့်တွေအတိုင်း နေခဲ့ရတယ်။ ဟား ကျွန်မက ဘာလို့ သူ့ကို ချစ်မိရမှာလဲ"
ရှဲ့ရွှမ်ချန် ခဏတွေးပြီးတဲ့နောက် ဒီအဖြေက အကျိုးအကြောင်းသင့်တယ်လို့ လက်ခံလိုက်တယ်။ သူ သိချင်စိတ်သက်သက်နဲ့ပဲ မေးလိုက်တယ်။
"မင်း တခြားမိန်းကလေးတစ်ယောက်ရဲ့အရိပ်အောက်မှာပဲ မနေချင်ဘူးဆိုမှတော့ ဘာလို့ သူ့ကို ဒဲ့မပြောလိုက်တာလဲ"
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now