အပိုင်း (၅၉) ငါ ခွင့်မပြုဘူး

780 66 0
                                        

အပိုင်း (၅၉) ငါ ခွင့်မပြုဘူး

လမိုက်ညမှာ အလှမ်းဝေးဝေးကတောင်တန်းတွေဟာ ပုန်းကွယ်လို့နေ၏။

အခန်းအတွင်းမှာ ကျောက်မီးသွေးဖိုလေးတစ်လုံးလောင်ကျွမ်းလို့နေပြီး၊ သူ့ရဲ့တဖြောက်ဖြောက်အသံက ကျီယွင်ဟယ့်အား အတိတ်၏ခရီးစဉ်မှ ပြန်လည်ဆွဲခေါ်လာတော့သည်။

သူမရဲ့မျက်ဝန်းနက်တွေနောက်မှာ အတိတ်တွေပျောက်ကွယ်သွား၏။

ပူပူနွေးနွေးဟင်းတွေပြည့်နေတဲ့ စတုဂံပုံသစ်သားစားပွဲမှာ သူမ ထိုင်လို့နေပြီး လက်ထဲမှာလည်း ထမင်းပန်းကန်လေးတစ်လုံးရှိ၏။ စားပွဲရဲ့တခြားတဖက်မှာတော့ ငွေရောင်ဆံနွယ်၊ မကြင်နာတဲ့မျက်နှာနဲ့ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦးရှိတယ်။

သူက ထိုနေရာမှာပဲ လက်ပိုက်လျက်ထိုင်ပြီး မျက်နှာသွင်ပြင်ဟာလည်း မည်းမှောင်လို့နေ၏။ သူ့ရဲ့မျက်ဝန်းပြာလေးတွေက စောင့်ကြည့်နေသလိုမျိုး... သူမအပေါ် ရစ်ဝဲလို့နေ၏။

"ကုန်အောင်စား" ခဏလောက်အကြာမှာ သူမရဲ့တူလေးတွေ တစ်စက်မှလှုပ်မလာတာကိုမြင်တော့၊ ချန်ယီ အမိန့်ပေးလာ၏။

"ကျွန်မ ထပ်မစားနိုင်တော့ဘူး" ကျီယွင်ဟယ် ကူကယ်ရာမဲ့စွာပြောဆိုလိုက်ပြီး တောင်းဆိုတဲ့ပုံစံပေါ်၏။ "စားချင်စိတ်မရှိတော့ဘူး၊ ဒီအတိုင်း မျက်နှာလွှဲပြီး၊ ကျွန်မ အကုန်လုံးစားလိုက်တယ်လို့ ယူဆလိုက်ပါလား?"

"မင်း ငါ့ကို စျေးလာမဆစ်နဲ့"

သူမတို့နှစ်ဦး ပထမဆုံးတွေ့ဆုံခဲ့ကြတာ ၆နှစ်တောင်ရှိပြီ။ ယခုချိန်မှာတော့ ဒီငါးကြီးဟာ ယခင်နဲ့ယှဉ်ရရင် အတော်လေးအနိုင်ကျင့်လာတယ်လို့ ကျီယွင်ဟယ် ခံစားနေရ၏။

သို့သော်...

သူမ သူ့ကို ဘယ်လိုအပြစ်တင်နိုင်မှာလဲ...

သက်ပြင်းလေးချရင်း၊ သူမ ထမင်းစေ့လေးတစ်ချို့ကို ပါးစပ်ထဲသို့ တွန့်ဆုတ်စွာထိုးထည့်လိုက်တယ်။

သူမ ထမင်းစားလာတာနဲ့ ချန်ယီ နောက်တစ်ဖန် နှုတ်ဆိတ်သွားပြန်၏။ သူမ ဘယ်လောက်ပဲမြန်အောင်စားစား၊ ဘယ်လောက်ပဲနှေးအောင်စားစား သူ တစ်စက်လေးမှဂရုမစိုက်ဘူး၊ သူက သူမ,စားတာကိုပဲလိုချင်တာ၊ နောက်ပြီး သူမရဲ့အစားအသောက်တိုင်းကို အနီးကပ်စောင့်ကြည့်နေခဲ့တာ။ တစ်နေ့ကို၃နှပ်၊ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ လက်ဖက်ရည်တွေ၊ ဘာတစ်ခုမှ မလစ်လပ်ခဲ့ဘူး။ တစ်ခြားသူတွေက နေထွက်တာနဲ့ နိုးထကြပြီး နေဝင်ချိန်မှာ အနားယူကြတယ်။ ကျီယွင်ဟယ်ကတော့ နေဝင်သွားမှ အိပ်ရာကထပြီး စားသောက်ရတယ်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now