အပိုင်း (၈၀) နောက်ပြန်လှည့်မကြည့်နဲ့
လင်းဟောက်ချင်းတစ်ယောက် အိုဟောင်းနေတဲ့စာအုပ်ဝါလေးကို ဘယ်ဖက်လက်လေးနဲ့ဆုပ်ကိုင်ပြီး သေးငယ်၍ပေါ့ပါးလှသည့်အရာတစ်ခုကို ညာဖက်လက်လေးနဲ့ ညင်သာစွာကောက်ယူလိုက်သည်။ မှိန်ပျပျ ဆီမီးအိမ်အောက်မှာ သူ အသေအချာစူးစမ်းလေ့လာရင်း တစ်ယောက်တည်း တီးတိုးဆိုနေမိ၏။ “ပုစဉ်းရင်ကွဲမိစ္ဆာတစ်ကောင်ရဲ့တောင်ပံ…” သူ့ရဲ့အာရုံကို အခန်းတံခါးခေါက်သံတစ်ခုက ဖြိုခွင်းသွား၏။
တံခါးမဖွင့်ခင် ပစ္စည်းကို စာအုပ်ကြားထဲလိပ်ထည့်ပြီး အလှမ်းဝေးဝေးနေရာမှာ အသေအချာ သိမ်းဆည်းပစ်လိုက်သည်။ “ဘာလဲ?”
ဒီလောက်နောက်ကျနေမှ တံခါးကိုခေါက်နေတဲ့သူဟာ သူ့ရဲ့မိစ္ဆာအစေခံစစ်ယွီတော့ မဖြစ်နိုင်ဘူး။ မျှော်လင့်ထားတဲ့အတိုင်း အားကျီဖြစ်နေခဲ့သည်။
လဝက်လောက်အတွင်းမှာပဲ အားကျီတစ်ယောက် မိန်းမငယ်လေးတစ်ဦးအသွင် ကြီးထွားလာခဲ့ပြီ။ အတိတ်တုန်းက ကျီယွင်ဟယ်နှင့်မခြားနားဖြစ်လို့နေပေမဲ့ သူမရဲ့အမူအယာက တင်းမာပြီးပြတ်သားမှု နည်းပါးနေခဲ့သည်။
ပုခုံးသားတွေပေါ်မှာဆံနွယ်လေးတွေကျဆင်းလျက်နှင့် သူမ လရောင်အောက်မှာ မတ်တပ်ရပ်ပြီး၊ လက်လေးနှစ်ဖက်က ခေါင်းအုံးတစ်လုံးကို ကျစ်ကျစ်ဆုပ်ထားခဲ့သည်။ သူမရဲ့နားရွက်တွေက ဦးခေါင်းပေါ်မှာ တဆတ်ဆတ်တုန်လို့နေပြီး၊ မငြိမ်မသက်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ခံနေရသလိုမျိုး ပုံပေါ်နေခဲ့သည်။
အတိတ်ကမှတ်ဉာဏ်တွေမရှိတော့တဲ့ ကျီယွင်ဟယ်တစ်ယောက်။ သူမရဲ့စိတ်နှလုံးသားကို အတိုင်းသား ထုတ်ဖော်ပြသလို့နေ၏၊ သူမ၏မျက်နှာဟာ သူမရဲ့အတွေးထဲကအရာအားလုံးကို ထင်ဟပ်နေခဲ့သည်။ အဆက်မပြတ်ကျင့်ကြံနေထိုင်ခဲ့တဲ့ ယခင်ကျီယွင်ဟယ်နဲ့ ဘာတစ်ခုမှဆိုင်မနေခဲ့ဘူး။
မိစ္ဆာတောင်ကြားမှာ ကြီးပြင်းလာခဲ့ရတဲ့ဘဝအတွေ့အကြုံတွေသာ မရှိခဲ့ဘူးဆိုရင် သူမလည်း ဒီလိုပဲဖြစ်နေလောက်တယ်။
“ဆရာ…” သူမ ခေါင်းအုံးကိုဖက်ပြီး ဂနာမငြိမ်ဖြစ်နေခဲ့သည်။ “သမီး အိပ်မက်တစ်ခုထပ်မက်တယ်”
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
