အပိုင်း (၆၉) လျှို့ဝှက်ချက်များ
“ဘုန်းကြီးက နင့်ကို အရင်ကတိုင်း တစ်ပုံစံတည်းဆက်ဆံတာလား?” ကျီယွင်ဟယ် လော့ကျင်းစန်း၏မျက်နှာကို စောင့်ကြည့်လေ့လာလိုက်၏။
လော့ကျင်းစန်း အကြာကြီးစဉ်းစားနေတော့သည်။ “မဟုတ်ဘူးလို့လည်း ပြောမရဘူး၊ နည်းနည်းတော့ ပြောင်းလဲသွားတဲ့ပုံပဲ၊ ဒါပေမဲ့ ဟုတ်တယ်လို့ဆိုရအောင်ကလည်း ငါ ဘာတစ်ခုမှသေသေချာချာမခံစားရဘူး… ဘာပဲဖြစ်ဖြစ် သူက လူထူးဆန်းကြီးပဲဟာ၊ ငါလည်း မပြောပြတတ်ဘူး၊ ငါ့အတွက် သူ့ကို နင် ဘာလို့စောင့်ကြည့်မပေးတာလဲ?”
“ကောင်းပြီ” ကျီယွင်ဟယ် သူမကိုကတိပေးလိုက်တယ်။ “ဒါပေမဲ့… ငါ နင့်ကို အချိန်အတော်ကြာကြီး ကူညီနိုင်မှာမဟုတ်ဘူး၊ နောက်ဆုံးတော့ ဒီကိစ္စတွေကို နင့်ဘာသာနင် ရင်ဆိုင်ဖြေရှင်းရမှာ”
လော့ကျင်းစန်း သူမကိုနှစ်သိမ့်ဖို့ တစ်စုံတစ်ခုပြောချင်ခဲ့ပေမဲ့ ကျီယွင်ဟယ် ပြုံးပြပြီး စကားလမ်းကြောင်းကို ပြောင်းလဲပစ်လိုက်တယ်။ “အဲ့ဒီနောက်ရော ဘာဆက်ဖြစ်လဲ? နင်တို့နှစ်ယောက် နှင်းတောထဲက ထွက်သွားပြီးတဲ့နောက် ရွှယ်ရှင်ကျွင်းနဲ့ ချင်းကျီကို ရှာတွေ့ခဲ့တာလား?”
“အင်း၊ ဒါပေမဲ့ ငါတို့ ချင်းကျီကိုရှာတွေ့တဲ့အချိန်မှာ ရွှယ်ရှင်ကျွင်းက သူမနဲ့ရှိမနေတော့ဘူး၊ မိစ္ဆာတောင်ကြားကနေ ထွက်ပြီးသိပ်မကြာခင်မှာပဲ ရွှယ်ရှင်ကျွင်းထွက်သွားတယ်လို့ သူမက ပြောတယ်”
ကျီယွင်ဟယ် အံ့အားသင့်သွား၏။ “သူမ ဘယ်သွားတာလဲ?”
“ဒါက လီဆူးဖြစ်သွားတာတွေနဲ့ပတ်သက်ပြီး…”
လီဆူးက ကျောက်စိမ်းဖီးနစ်ဌက်ကြီးကိုလွှတ်ပေးဖို့ သူ့ကိုယ်သူစတေးခဲ့တာကို ကျီယွင်ဟယ် ပြန်အမှတ်ရသွား၏၊ နောက်ပြီး အဲ့ဒီအချိန်ကျမှသာ ရွှယ်ရှင်ကျွင်းဟာ သူမက သူ့ရဲ့အတွေးတွေထဲက တစ်ယောက်ရဲ့အစားထိုးခံဖြစ်မှန်း သဘောပေါက်သွားခဲ့တယ်။
“သူတို့ မိစ္ဆာတောင်ကြားကနေထွက်ခွာပြီးတဲ့နောက် ရွှယ်ရှင်ကျွင်း ခဏလောက်စိတ်ဓာတ်ကျနေသေးတယ်လို့ ချင်းကျီပြောတယ်၊ သူတို့ ရန်တောင်ဖြစ်ခဲ့ကြသေးတယ်တဲ့၊ ရန်ဖြစ်ပြီးတဲ့နောက် ရွှယ်ရှင်ကျွင်းက အတိတ်ကကိစ္စတွေကိုမေ့ပစ်ပြီး ဒီတိုင်းပြည်ကနေထွက်သွားချင်တယ်လို့ပြောတယ်၊ ဒါကြောင့် ချင်းကျီက သူမကို ပင်လယ်ရပ်ခြားတိုင်းပြည်တစ်ခုဆီသွားဖို့ အကြံပေးခဲ့တယ်…”
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
ФэнтезиThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
