အပိုင်း (၁၁၃) မင်္ဂလာပွဲ

663 41 0
                                    

အပိုင်း (၁၁၃) မင်္ဂလာပွဲ

မနေ့ညက လှပပေမဲ့ အရမ်းကို အချိန်ကုန်လွန်းလှ၏။

ကျီယွင်ဟယ် အေးအေးလူလူနိုးထ၍ မနက်ခင်းပတ်ဝန်းကျင်ကို ခံစားပြီးနောက် ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။ သူမ နယ်စပ်ကိုပြန်ဖို့ နောက်ကျတော့မှာ ကြိမ်းသေပဲ။ သူမ အိပ်ရာပေါ်မှ ချက်ချင်း လိမ့်ထွက်ပြီး ဖိနပ်တွေကိုစီးလိုက်တော့ ချန်ယီ့ကို နှိုးမိသလိုဖြစ်သွား၏။

တကယ်တော့ သူမတို့နှစ်ယောက်လုံး ကောင်းကောင်းမအိပ်ရသေးဘူး။

"ကျွန်မ ဒီနေ့ည ပြန်မလာတော့ဘူး" ကျီယွင်ဟယ် ဆံနွယ်တွေကို လက်ချောင်းတွေနဲ့ ဖြစ်သလိုကြမ်းကြမ်းတမ်းတမ်း ဖြီးလိုက်သည်။ "သွားလိုက်ပြန်လိုက်နဲ့ အချိန်အများကြီးကုန်တယ်၊ ဒီလို ဆက်သွားနေမယ်ဆိုရင် ကျွန်မ ဒီမင်္ဂလာဝတ်စုံတွေကို ဘယ်တော့မှ အပြီးသတ်နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ကျွန်မ ရှင့်ကို မင်္ဂလာဆောင်မှာပဲ တွေ့တော့မယ်"

သူမ တံခါးဆီသို့ အပြေးနှင်သွားပြီး ထွက်ခွာမသွားသေးခင် ချန်ယီ့ကိုလှမ်းကြည့်လိုက်သည်။

သူက အပေါ်ပိုင်းဗလာကျင်းနဲ့ အိပ်ရာပေါ်မှာထိုင်နေ၏၊ သူ့ရဲ့ငွေရောင်ဆံနွယ်တွေက ပုခုံးသားတွေပေါ် ပြန့်ကြဲနေပြီး သူ့ရဲ့မျက်လုံးလေးတွေဟာ မနက်ခင်းနေမင်းကြီး၏အလင်းရောင်ကို ရောင်ပြန်ဟပ်လျက်ရှိ၏။ "ကောင်းပြီ ကိုယ် မင်းကိုစောင့်နေမယ်"

ကျီယွင်ဟယ် နှလုံးသားအတွင်းကနွေးထွေးမှုလေးတစ်ခုကို ခံစားလိုက်ရသည်။ သူမမှာ မိသားစုရှိသွားသလိုမျိုး...

သူမ တောင်ဘက်နယ်စပ်သို့ တောက်လျှောက်ပြေးသွားလိုက်သည်။

သူမ အရမ်းကိုနောက်ကျနေခဲ့တာ၊ သို့သော် တစ်ခြားသူတွေက သူမပျက်ကွက်မှုကြောင့် ရေသာမခိုခဲ့ကြဘူး။ အားလုံးဟာ ဖွဲ့စည်းပုံရဲ့ဘောင်ကို ချထားနှင့်ကြပြီး အဓိကအစိတ်အပိုင်းကိုချထားဖို့ သူမကို စောင့်စားနေခဲ့ကြသည်။

သူတို့အားလုံး ကောင်းမွန်စွာနဲ့ အတူတူပူးပေါင်းဆောင်ရွက်ခဲ့ကြတာမို့ ကျီယွင်ဟယ် စိတ်သက်သာရာရသွား၏။ သူမ၏ဘဝမှာ ချောချောမွေ့မွေ့ဖြစ်တဲ့ကိစ္စဆိုတာ ရှားပါးလှ၏၊ နောက်ပြီး ဘုံရည်မှန်းချက်တစ်ခုအတွက် လူအားလုံး အစွမ်းကုန်ကြိုးစားအားထုတ်တာကိုမြင်ရတော့ အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်း၏။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now