အပိုင်း (၈၉) သတ္ထုချော်ရည်

409 48 0
                                    

အပိုင်း (၈၉) သတ္ထုချော်ရည်

အားကျီ တစ်စက်မှရပ်တန့်မယ့်ပုံမပြဘဲ ဆက်ကာလျှောက်သွားလိုက်သည်။ ချန်ယီတစ်ယောက် သူမနောက်ကနေ တိတ်တိတ်လေးလိုက်ပါလာ၏။ သူမ တောင်ပိုင်းအထိ တစ်လမ်းလုံး လျှောက်သွားမယ်ဆိုရင်တောင်မှ သူ ဘာမှပြောလာမယ့်ပုံမပေါ်ဘူး။

လူသူကင်းမဲ့နေတဲ့တောင်ထိပ်တွေကနေ နှင်းတွေ၊ ရေခဲတွေဖုံးလွှမ်းနေတဲ့သစ်ပင်သေတွေနှင့်အတူ လွင်ပြင်တွေဆီသို့ သူမတို့တွေ လျှောက်လှမ်းလာခဲ့ကြသည်။ အားကျီရဲ့ခြေထောက်တွေတောင် လျှောက်ရလွန်းလို့ ညောင်းနေလှပြီဖြစ်ပေမဲ့ သူမရဲ့နောက်ကလူကတော့ စကားတစ်ခွန်းမှတောင် ပြောမလာမြဲပဲ။

“ရှင် ဘာမှလုပ်စရာမရှိဘူးလား?” အားကျီ ချန်ယီ့ကို တစ်ချက်မှချောင်းကြည့်လိုက်တယ်။ “ကျွန်မ ရှင့်ကို ဖယ်ထုတ်ဖို့ကြိုးစားနေတာမဟုတ်ဘူး၊ ရှင့်ရဲ့အလုပ်တွေကိုနှောင့်ယှက်မိမှာ စိုးရိမ်လို့၊ အခုဆို ကျွန်မတို့ လမ်းလျှောက်လာကြတာလည်း အတော်ကြာပြီ၊ ပြန်ကြရအောင်လား?”

ဘာပဲဖြစ်ဖြစ် ဒီနေ့ ထွက်ပြေးဖို့မျှော်လင့်ချက်မရှိတော့ဘူး။

“ဆက်လျှောက်ရအောင်”

သူ့ရဲ့တည်ငြိမ်လှတဲ့ဖြေဆိုသံက အားကျီပြောချင်တဲ့အရာအားလုံးကို ပိတ်ပင်သွားပြီး ဆက်ကာလျှောက်လှမ်းစေသည်။ သူမ ညောင်းလည်းညောင်း၊ ငြီးလည်းငြီးငွေ့နေပြီ၊ ဒါကြောင့် သစ်ပင်တစ်ပင်နား ဖြတ်လျှောက်သွားရင်း သစ်ကိုင်းတစ်ချို့ကို လှုပ်ခါပစ်လိုက်တယ်။ နှင်းတွေ ပျော်ကျလာပြီး သူမရဲ့နောက်ကလူ၏ဦးခေါင်းနဲ့ ပုခုံးတွေပေါ် ပြုတ်ကျကုန်သည်။

သူ မရှောင်ခဲ့ဘူး၊ ဒါကြောင့် အားကျီ ပြန်လှည့်ကြည့်ုလိုက်တဲ့အချိန်မှာ သူ့တစ်ကိုယ်လုံး နှင်းတွေဖုံးနေတာကို တွေ့လိုက်ရတယ်။

သူမတို့တွေ တစ်ဦးကို တစ်ဦး စိုက်ကြည့်ကြပြီး အားကျီတစ်ယောက် အူလှိုက်သဲလှိုက် ရယ်မောပစ်လိုက်သည်။ “အရှင်၊ ကျွန်မ ဒီလိုလုပ်ဖို့ တကယ်ပဲမရည်ရွယ်ပါဘူး၊ အရှင်က အရမ်းကိုစွမ်းအားကြီးပြီး ဘုန်းတန်ခိုးကြီးမားတာကြောင့် အရှင့်ကို ဘာတစ်ခုမှထိတွေ့နိုင်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့မိတာ”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now