အပိုင်း (၇၈) ရေခဲထဲမှာပိတ်လှောင်ခြင်း
ကျီယွင်ဟယ် အိပ်ရာပေါ်မှာလဲနေမြဲဖြစ်သည်။ ပြာနှမ်းနေတဲ့မျက်နှာသွင်ပြင်ကြောင့်သာ မဟုတ်ရင်၊ သူမဟာ ခါတိုင်းအိပ်ပျော်နေတာနဲ့ မခြားနားဖြစ်သည်။ သူမရဲ့မျက်တောင်ရှည်ကြီးတွေက ပြတင်းပေါက်မှ ဝင်ရောက်လာတဲ့လေပြေထဲမှာ တဖျပ်ဖျပ်တုန်ခါရင်း အချိန်မရွေးနိုးထလာတော့မယ့်အတိုင်းဖြစ်သည်။
သို့သော် “ထိုအတိုင်း”မျှသာဖြစ်၏။
သူ တစ်ခါမှ ခန့်မှန်းမရနိုင်ခဲ့တဲ့မျက်ဝန်းနက်တစ်စုံဟာ သူ့ကို ခန့်မှန်းဖို့အခွင့်ရေး ထပ်မပေးတော့ဘူး။
သက်ပြင်းချသံတွေမရှိသလို စကားသံတွေလည်းမရှိခဲ့ဘူး။ ချန်ယီတစ်ယောက် ကျီယွင်ဟယ်၏ဘေးမှာ တိတ်တိတ်လေးထိုင်ရင်း သူမ၏လက်ကို ဆုပ်ကိုင်ထားမြဲဖြစ်၏။ သူ၏လက်ဖဝါးဟာ အေးစက်သွားပြီး နှင်းခဲတွေက သူမရဲ့ခန္ဓာကိုယ်ပေါ် လွှမ်းခြုံလာခဲ့တယ်။
နှင်းခဲတွေက တစ်လွှာချင်းတစ်လွှာ ပျံ့နှံ့သွားပြီး သူ့ရဲ့လက်ချောင်းလေးတွေကဲ့သို့ သူမကို ညင်သာစွာပွတ်သပ် ယုယနေတော့သည်။ နှင်းခဲတွေက သူမ၏လက်မောင်းတွေ၊ ခန္ဓာကိုယ်ပေါ်ကနေ သူမ၏လည်ပင်းပေါ်… နောက်ပြီး သူမ၏မျက်နှာပေါ်ထိ ရစ်ပတ်သိုင်းခြုံသွားခဲ့တယ်။ သူမရဲ့နှုတ်ခမ်းသားလေးတွေ အေးခဲပြီး သူမ၏မျက်တောင်လေးတွေ တောင့်တင်းသွားတော့သည်။
ထို့နောက်…
“ခဏ! ခဏစောင့်ဦး!”
လော့ကျင်းစန်း၏ဟစ်အော်သံက အခန်းအတွင်းမှတိတ်ဆိတ်မှုကို ဖြိုခွင်းသွား၏။ သူမ ရှေ့သို့ထွက်ပြီး ကျီယွင်ဟယ့်ကိုဆုပ်ကိုင်ထားတဲ့ ချန်ယီ၏လက်ကို တွန်းထုတ်ပစ်လိုက်တယ်။ သူ့ရဲ့လက်ဖဝါးဟာ အိပ်ရာဘောင်ပေါ် ကျဆင်းသွားပြီး စောင်တွေ ချက်ချင်းအေးခဲသွား၏။
ထိတွေ့မှုကြောင့် လော့ကျင်းစန်း၏လက်တွေပါ ဖြူဖျော့သွား၏။ နှင်းခဲက သူမ၏လက်မောင်းတွေပေါ် တွားသွားတက်ရောက်လာတော့ သူမ ချမ်းတုန်သွားခဲ့ရတယ်။
ခုန်းမင် ဒီအခြင်းအရာကိုမြင်တော့ သူမကို ချက်ချင်းဖမ်းဆုပ်ထားလိုက်တယ်။ သူ မန္တန်တစ်ခုရွတ်ဖတ်ပြီး လက်တွေကိုမီးနဲ့အုပ်ပြီးနောက် သူမ၏လက်မောင်းတွေဆီ ပွတ်သပ်ပေးလိုက်တော့ နှင်းခဲတွေ အရည်ပျော်သွား၏။ “မင်း အသက်မရှင်ချင်တော့ဘူးလား?” ဒေါသထွက်ထွက်နဲ့ သူ သူမကိုဆူပူကြိမ်းမောင်း ပစ်လိုက်တယ်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...