အပိုင်း (၉၃) အာဏာနဲ့ လုပ်ပိုင်ခွင့်
“ဆရာ၊ ခုလတ်တလော မြောက်ပိုင်းမှာ အနက်ရောင်မြေခွေးတစ်ကောင်ပေါ်လာတယ်၊ သူမက ရုပ်ပြောင်းရုပ်လွှဲအတတ်မှာ ထူးချွန်ပြီး အမြီး၄ချောင်းပဲရှိတယ်တဲ့…”
လင်းဟောက်ချင်း လက်ထဲကစုတ်တံကို အောက်သို့တိတ်တိတ်လေးချပြီး စစ်ယွီကိုမေးမြန်းလိုက်သည်၊ “အဲ့ဒါ ကျီယွင်ဟယ်မလား?”
“စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးအရဆိုရင် သူမဖြစ်တဲ့ပုံပေါ်တယ်”
“ကျောင်းရန်က သူမကိုမှတ်မိလား?”
“မှတ်မိတဲ့ပုံမပေါ်ဘူး”
လင်းဟောက်ချင်း ခဏတာမျှနှုတ်ဆိတ်သွားပြီးနောက် ရယ်မောကာ ခေါင်းကိုယမ်းပစ်လိုက်သည်။ “ကံပါလာရင် ရှောင်လွှဲလို့မရနိုင်ဘူး၊ သူမကို ဒီအတိုင်းထားလိုက်၊ ဒါက သူမရဲ့ကိုယ်ပိုင်ဘဝပဲ”
“ဒါပေမဲ့ ဆရာ၊ သူမကို ဘဝအသစ်ပေးဖို့ ဆရာအရမ်းကြိုးစားထားရတာ…”
“ငါ မိစ္ဆာဆရာတွေကိုဦးဆောင်ပြီး မြောက်ပိုင်းဆီသွားခဲ့တဲ့အချိန်တုန်းကလည်း သူတို့အားလုံးကို ကျီယွင်ဟယ့်ဆီ လက်ဆောင်အဖြစ်ပေးဖို့ ကြံစည်ခဲ့တာ၊ သူမက သူတို့ကို မြောက်ပိုင်းနဲ့ပူးပေါင်းဖို့ ဖျောင်းဖျနိုင်မယ်မှန်း ငါသိနေခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒီနောက် သူမ ချက်ချင်းသေဆုံးသွားလိမ့်မယ်လို့ ငါ တစ်ခါမှမတွေးမိခဲ့ဘူး”
“ငါ သူမရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကို တွေ့လိုက်ရတဲ့အချိန်မှာ သူမ အဲ့ဒီမှာနေရတာမပျော်မှန်း သိလိုက်ရတယ်၊ ဒါကြောင့် သူမအသက်ပြန်ရှင်မယ့်နည်းလမ်းကို ကျောင်းရန်မသိအောင်ဝှက်ထားပြီး ဘဝအသစ်ပေးဖို့ သူမကို တောင်ပိုင်းဆီ ပြန်ခေါ်လာခဲ့တာ၊ ဒါပေမဲ့ လူသားတွေက ကြိုတင်သတ်မှတ်ထားတဲ့ကံကြမ္မာကို ပြောင်းလဲလို့မရနိုင်ဘူး” လင်းဟောက်ချင်း စုတ်တံကိုပင့်မပြီး စာအုပ်ထဲ မှတ်စုတစ်ချို့ရေးမှတ်လေသည်။ “သူမကို ထားလိုက်ပါ”
သူ ကရားတစ်လုံးထုတ်ပြီး အတွင်းထဲမှာကျန်ရှိတဲ့ဆေးမှုန့်အနည်းငယ်ကို လှမ်းကြည့်လိုက်သည်။ “ဆွန်းသဲဆီကရတဲ့ နှင်းခဲအဆိပ်ထဲမှာပါတဲ့ဆေးပင်တွေကို ငါ ခွဲခြမ်းလေ့လာပြီးသွားပြီ၊ ဒါပေမဲ့ ငါ ခန့်မှန်းလို့မရတဲ့ ပါဝင်ပစ္စည်းနှစ်မျိုးရှိနေတယ်၊ စစ်ယွီ ပြင်ဆင်မှုတစ်ချို့လုပ်ထားလိုက်၊ ငါတို့ မြို့တော်ဆီ နောက်တစ်ခေါက်ခရီးထွက်ဖို့ လိုလိမ့်မယ်”
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
