ကျန်းယွမ်ယွမ်မှာ ဂိမ်းအစပိုင်းမှ ယခုအချိန်ထိ ဖူအန်အား အံ့ဩနေရသည်။
သူမ၏ ဝဝကစ်ကစ်နှင့်ချစ်စရာကောင်းသည့်အမူအရာသာမရှိလျှင် သူမမှာ အကြိမ်ပေါင်းများစွာပင် သေသွားလောက်ပြီ ဟုထင်မိနေခြင်းဖြစ်သည်။
“နင်ဂိမ်းကိုအောင်မြင်အောင်ကစားနိုင်တဲ့ ‘ကောင်းဝမ်’ ကို တွေ့ခဲ့တာလား?”
ယခုလက်တလောတွင် အန္တရာယ်မရှိကြောင်းကို အတည်ပြုပြီးနောက် ဖူအန်မှာ အနည်းငယ်စိတ်ပေါ့ပါးနေသည်။ သူမက ပေါင်မုန့်ခြောက် ၂ ပိုင်းကိုထုတ်လိုက်ကာ တစ်ပိုင်းကို ကျန်းယွမ်ယွမ်အား ပေးလိုက်၏။ ထို့နောက်ကုတင်တွင်လှဲရင်း စားလိုက်၏။
“ဒီဟာက နင်ဘယ်ကရတာလဲ?”
ကျန်းယွမ်ယွမ်မှာ ပေါင်မုန့်ခြောက်ကိုတို့ကြည့်နေစဉ် အသံတိုးတိုးဖြင့် မေးလိုက်၏။
“ငါသိမ်းထားတာ”
ဖူအန်က သူမကိုကြည့်လိုက်၏။
ဤတစ်လှည့်ဂိမ်းကမ္ဘာမှာ အထူးစပရှယ်ဖြစ်နေပြီး ရိက္ခာအများအပြား စုဆောင်းနိုင်ရန် နည်းလမ်းမရှိပေ။
စားစရာရနိုင်ရန်အတွက် သူမမှာ သူမနေ့စဉ်စားရသည့်အချိုးထဲမှ နုတ်ထားရသည်မက ကစားသမား ၉ ယောက်၏ မြင်ကွင်းမှလည်း ပုန်းကွယ်ရသေးသည်။“အစာနည်းနည်းလေး စုမိနိုင်ဖို့ ငါဗိုက်အဆာခံခဲ့ရတယ်”
ထိုစကားကိုကြားသောအခါ ကျန်းယွမ်ယွမ်မှာ အနည်းငယ်စိတ်ဓာတ်ကျသလိုခံစားလိုက်ရသည်။ သူမက အတူတူကြိုးစားကြမည်ဟု ပြောရန်ပြင်လိုက်စဉ်မှာပင် တစ်ခုခုထူးဆန်းနေကြောင်း ခံစားလိုက်ရ၏။
“ဖက်တီးမလေး……………..ငါတို့ရဲ့အဝတ်တွေမှာ အိတ်ကပ်ကြီးတွေမပါဘူးလေ…………ဒီလို ပေါင်မုန့်ခြောက်တွေကို နင်ဘယ်လိုသယ်ထားနိုင်တာလဲ?”
ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခုကို သူမတွေးမိသွားကာ သူမ၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ခါသွားသည်။
“နင်……………နင်…………..ဒဏ္ဍာရီနေရာလွတ်ပစ္စည်းကိုရခဲ့တာလား?”
