ဖူအန်၏ထိတ်လန့်သွားသည့်အမူအရာကိုကြည့်၍ ကျန်းမင်အပြုံးက ပို၍ကျယ်လာသည်။
ဤအရာမှာ သူမထံတွင်တစ်ခုတည်းသော အဆင့်မြင့်ပစ္စည်းပင်။
ငါ့ရဲ့လူသတ်လက်နက်…….
ဤဆေးတောင့်ကိုစားလိုက်လျှင် သူမသည် မိနစ် ၂၀ ကြာ ပုံရိပ်ယောင်ကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး သာမန်တိုက်ခိုက်မှုများက သူမကို မထိခိုက်စေပေ။
မူလက ဤအရာကို ပို၍အဆင့်မြင့်သည့်ဒိုင်များနှင့် ရင်ဆိုင်ရန်အတွက်သုံးချင်ခဲ့သော်လည်း မမျှော်လင့်ထားစွာနှင့် ဒိုင်ပင်မဖြစ်သေးသည့် သာမန်ကစားသမားလေး ၂ ယောက်အတွက် သုံးလိုက်ရသည်။
ဒိုင်ဖြစ်မှုကြောင့် သာမန်လူများထက်ကြီးမြတ်သည်ဟုခံစားချက်ရှိနေသည့် ကျန်းမင်မှာ ထို ၂ ယောက်ကိုကြည့်၍ အံ့ကြိတ်မိလိုက်သည်။
“နင်တို့တော့သွားပြီ……….ပမွှားလေး ၂ ကောင်”
သူမ၏စကားအဆုံး၌ ဘမ်းခနဲအသံနှင့်အတူ သရဲများပေါ်လာ၏။
သူမတို့မှာ တံခါးကိုပိတ်လိုက်ကြ၏။ အခန်းတံခါးမှာ တကျွီကျွီမြည်နေသည်။ သူမတို့မှာ အိုးထဲမှလိပ်ဖြစ်နေလေပြီ။
ကျန်းယွမ်ယွမ်မှာ ဖူအန်သူမကိုပေးထားသည့်အဆောင်ကိုကျစ်ကျစ်ပါအောင်ကိုင်ရင် မျက်နှာဖြူဖျော့နေသည်။ ထိုအချိန်တွင် သူမတို့ထံ၌ပြေးစရာမရှိတော့ပေ။
“ဖက်တီးမလေး…………..နင်……………..ဒါပြန်ယူလို့ရတယ်”
သူမလက်များမှာ တုန်ခါနေပြီး ဖူအန်ပေးထားသည့်အဆောင်လေးကို ပြန်ပေးလိုက်၏။ ကြောက်ရွံ့မှုနှင့် သေရမည်ကိုကြောက်သောကြောင့် သူမမှာ မထိန်းချုပ်နိုင်အောင်ပင် မျက်ရည်များကျလာသည်။
“နင်ကငါ့ထက်ပိုကောင်းတယ်………..တစ်ယောက်တည်းသာ အသက်ရှင်နိုင်မယ်ဆိုရင်တော့……….”
ကျန်းယွမ်ယွမ်မှာ ဆက်မပြောနိုင်တော့ပေ။ ထို့ကြောင့် စကားလွှဲလိုက်၏။
“ငါ့အတွက် နင့်ယွမ် ၈၀,၀၀၀ လောက် မီးရှို့ပေးရမယ်နော်………..
ပြီးတော့ ငါ့မိဘတွေကို အရင်းလိုမျိုးစောင့်ရှောက်ပေးရမယ်နော်………..
