အခန်း ၂၆၆

1K 86 1
                                    

အပိုင်း ၂၆၆။

သတိလစ်သွား (ချူမိသားစု - စာစဉ်ပြီး)
ချူမိသားစုကို အပြတ်ချေမှုန်းရန် ရှင်းဟယ်အတွက် တစ်ညသာ လိုအပ်လိုက်သည်။
သူမ၏ ကြိုတင်ပြင်ဆင်ထားမှုနှင့် စင်းလုံးချော အကြံအစည်ကို မုပိုင် အလွန်လေးစားသွားမိသည်။
သို့သော် ၎င်းက အန္တရာယ်အရမ်းများသည်ဆိုသည့်အချက်ကိုတော့ မေ့ထား၍မရချေ။
သူ လိုက်သွား၍သာ ကံကောင်းပေသည်၊ ထိုသို့မှမဟုတ်သော် သူမ ခန္ဓာကိုယ် ဒဏ်ရာရသွားနိုင်ခြေများသည်။
“ကိုယ်ဒီပြဿနာကို သင့်တော်သလို ကြည့်စီစဉ်လိုက်မယ်။ စိတ်မပူနဲ့ သူတို့ လွယ်လွယ်နဲ့ မလွတ်သွားစေရဘူး၊ အခုတော့ ကျေးဇူးပြုပြီး ကိုယ်နဲ့ ဆေးရုံကို ပြန်လိုက်ခဲ့။ မင်းတကယ်အနားယူဖို့လိုနေပြီ” ဟု မုပိုင်က စိုးရိမ်တကြီးပြောလာသည်။
ရှင်းဟယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမခဏမျှ စဉ်းစားသွားပြီးနောက်ခေါင်းညိတ်လိုက်သည်။
“အိုကေ”
ရှင်းဟယ် ထရန်ခက်ခဲနေစဉ် မုပိုင်က ရုတ်ခြည်း ကောက်ချီလိုက်သည်။
ရှင်းဟယ် လန့်သွားပြီး ရုန်းလေသည်။ သို့သော် သူ့သန်မာသောလက်မောင်းအားဖြင့် အဖက်ခံထားရ၍ ယခုအကြိမ်ကိုတော့ အလျှော့ပေးလိုက်ရန်ဆုံးဖြတ်လိုက် သည်။ ၎င်းက အားကုန်ခံတိုက်ရန် မတန်သောပြိုင်ပွဲ ဖြစ်လေသည်။
သူမ ရုန်းမနေတော့သည်ကို မုပိုင်တွေ့လိုက်၍ ပီတိဖြစ်နေတော့သည်။
သူ သူမကိုချီပြီး ချူမိသားစုအိမ်တံခါးမကို ဖြတ်လာသောအခါ နေမင်းကိုပင် ကွယ်နိုင်လောက်သည်အထိ အပြုံးကြီး ပြုံးလျက် “မင်းသက်သာလာရင် ကိုယ်တို့ မိသားစုနေ့လယ်စာစားဖို့ ထပ်လုပ်ရမယ်” ဟု ပြောလာသည်။
သူမ မုပိုင်၊ လင်းလင်းတို့နှင့် နေ့လယ်စာစားရန် အစက ရည်ရွယ်ထားကြောင်း သူမပြန်အမှတ်ရသွားသည်။
ချူထျန်းရှင်းက နှောင့်ယှက်လိုက်တာ…
“လင်းလင်း ဘယ်လောက်ထိသိထားလဲ” ဟု ရှင်းဟယ်က စိုးရိမ်တကြီး မေးလာသည်၊ သူမသားကို သူမအတွက် မလိုအပ်ဘဲ စိတ်မပူစေချင်ပေ။
“ကိုယ် မင်းအန္တရာယ်ကင်းတယ်လို့ပဲ ပြောထားတာ”
‘ကောင်းတယ်’
“တစ်ရက်နှစ်ရက်အတွင်း နေ့လယ်စာ တူတူစားကြတာပေါ့” ဟု သူမ ရုတ်ခြည်းပြောလာသည်။
မုပိုင် သူမမျက်နှာကို စေ့စေ့ကြည့်ပြီး ပြုံးလိုက်သည်။
“မင်းရဲ့ဆန္ဒက ကိုယ့်အတွက်အမိန့်ပါပဲ”
ရှင်းဟယ်သူ့ကို လျစ်လျူရှုလိုက်သည်။ သူမ ထိုနေ့လယ်စာ ဒိတ်ကို လွတ်လို့မဖြစ်၍ သူမခန္ဓာကိုယ် အမြန်သက်သာလာရန်ကို ဆုတောင်းနေမိသည်။
သူမ မူလအစီအစဉ်မှာ သန်ဘက်ခါ၌ လင်းလင်းနှင့် နိုင်ငံမှ ထွက်ခွါရန်ဖြစ်သည်။
သို့သော် သူမဒဏ်ရာနှင့်သာဆို သူမအစီအစဉ်ကို နောက်ဆုတ်ရပေမည်။
အချိန်ရှိသေးရန်ကိုသာ မျှော်လင့်မိသည်…
ရုတ်တရက် သူမ ခေါင်းထိုးကိုက်လာ၏။
သူမရင်ထဲကလည်း တလှပ်လှပ် ဖြစ်လာသည်။
သူမ သတိလက်လွတ်ဖြင့် မုပိုင်အင်္ကျီကို ဆုပ်ကိုင်ထားလိုက်မိသည်။ သူမ အသက်ရှုရခက်လာပြီး မုပိုင်၏ အံ့ဩတကြီးဖြင့် စိုးရိမ်စွာမေးလာသည့်အသံကို ကြားလိုက်ရသည်။ “ဘာဖြစ်လို့လဲ”
“ကျွန်မ…” ရှင်းဟယ် သူမနေလို့မကောင်းကြောင်းပြောရန် ပါးစပ်ဟလိုက်သော်လည်း သတိလစ်သွားသည်။
“ရှင်းဟယ်” သူမ နောက်ဆုံးကြားလိုက်ရသည်က မုပိုင် သူမနာမည်ကို စိုးရိမ်တကြီး ခေါ်လိုက်သည့်အသံဖြစ်၏။

အချိန်အတော်ကြာပြီးသော် ရှင်းဟယ် သတိပြန်လည်လာသည်။
သူမ မျက်လုံးဖွင့်မကြည့်မိခင် လေထဲမှ ပိုးသတ်ဆေးအနံ့ကို အရင်ရလိုက်သည်။
သူမ ဆေးရုံ၌ ရောက်နေတာဖြစ်ပေလိမ့်မည်။
‘ရောဂါလက္ခဏာများလား။ မုပိုင်က အခုငါ့အခြေအနေကို သိသွားပြီများလား’
‘တကယ်လို့သူသိသွားရင် သူက လင်းလင်းကို ငါနဲ့ နိုင်ငံခြားကို ထည့်မှာမဟုတ်တော့ဘူး’
ရှင်းဟယ် မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်ပြီး သူမထင်သည့်အတိုင်း သူမမြင်လိုက်ရသော ပထမဆုံးအရာမှာ ဆင်စွယ်ရောင်မျက်နှာကျက်ဖြစ်သည်။
အခန်းထဲ၌ သူမကလွဲ မည်သူမှ မရှိချေ။
ရှင်းဟယ် ထထိုင်ရန်လှည့်လိုက်သော်လည်း အားတစ်စက်မှမရှိ။ အိပ်ရာပေါ်၌ အကြာကြီးလှဲနေရ၍ သူမခန္ဓာကိုယ်မှအားများ အကုန်ယိုစိမ့်ကုန်ထားသလိုပင်။
“နိုးလာပြီပဲ” ရုတ်တရက် အခန်းတံခါးကို သူနာပြုက တွန်းဖွင့်လာသည်။ သူမကို တွေ့သွား၍ အံ့ဩတကြီးဖြင့် ပြုံးလိုက်သည်။
“နောက်ဆုံးတော့ နိုးလာပြီပဲ။ ဘယ်လောက်အကြာကြီး သတိမေ့နေလဲဆိုတာ ညီမ မသိဘူးနော်။ ကျွန်မတို့ကတောင် စိုးရိမ်နေကြတာ”
ရှင်းဟယ် စကားပြန်မပြောနိုင်ခင်မှာတင် သူနာပြုက “ကျွန်မ ညီမမိသားစုကို သွားအကြောင်းကြားလိုက်ဦးမယ်” ဟု ပြောပြီးအခန်းထဲမှပြေးထွက်သွားသည်။
ရှင်းဟယ် စိတ်ဓာတ်ကျသွား၏။ အခြေအနေများအရ သူမဦးလေးနှင့် ရှကျီတို့ ယခုလောက်ဆို သူမအခြေအနေကို သိနေလောက်မည်။ ‘သူမ သူတို့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရပါ့’
ထို့ပြင် သူမသတိလစ်နေသည်မှာ ကြာနေပြီဖြစ်၏။ အကျိတ်က ပိုဆိုးလာပြီး သူမသေတော့မည့်အချိန်နီးလာနေပြီဖြစ်သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Onde histórias criam vida. Descubra agora