အခန်း ၂၆၉။
သူမ အသက်ရှင်နေတုန်းပဲ
‘ဒါပေမဲ့ အဲလို သဘာဝလွန်ဖြစ်ရပ်မျိုးက တကယ့်လက်တွေ့မှာဖြစ်တတ်လို့လား’
‘အနာဂတ်ကို ကြိုတင်ခန့်မှန်းခြင်း’ ကိုတော့ ရှင်းဟယ်ယုံကြည်လေသည်၊ အဘယ်ကြောင့်ဆိုသော် ဗေဒင်ဟောခြင်းဆိုသည်မှာ သမိုင်းကြောင်းအရှည်ကြီး ရှိပေသည်၊ သို့သော် ဝိညာဉ်လဲသွားသည်ကိုတော့ သူမ လုံးဝမယုံကြည်ပေ။
ဤအရာအားလုံး၏ နောက်ကွယ်၌ သိပ္ပံနည်းကျသည့်ရှင်းလင်းချက် ရှိကိုရှိရမည်။
ရှင်းဟယ် တစ်ခုခုမလုပ်ခင် သတင်းအချက်အလက်များကို ထပ်မံစုဆောင်းရန် ဆုံးဖြတ်လိုက်သည်။
“ငါ့မှာ ဖုန်းရှိလား” သူမဘေးနားမှ အန်တီတင်းကို ရုတ်တရက်မေးလိုက်သည်။
“သခင်မလေး ဖုန်းမသုံးတာ လဝက်ရှိပြီ၊ အားရှိမှာမဟုတ်ဘူး” ဟု အန်တီတင်းက သူမကို မကြည့်ဘဲ ဖြေလာသည်။
ရှင်းဟယ်က သူမ၏မောက်မာသောပုံစံကို လျစ်လျူရှုလိုက်ပြီး “ဒါဆိုငါ့အတွက် သုံးလို့ရတာလေး သွားယူလာခဲ့ပေး” ဟု ပြောလိုက်သည်။
အန်တီတင်းက “ဘာလုပ်ဖို့ကြံနေတာလဲ” ဟုသတိထား၍မေးလာသည်။
ရှင်းဟယ်က ခနဲသလိုပြုံးလိုက်ပြီး “ဘာလဲ။ နင်တို့တွေ ငါ့ကိုအိမ်တွင်းအကြံဖက်နေပါတယ်လို့ ရဲစခန်းကို တိုင်လိုက်မှာစိုးလို့လား။ စိတ်မပူပါနဲ့၊ ကိုယ်ရေးကိုယ်တာဖုန်းခေါ်မလို့” ဟု ပြောလိုက်သည်။
ရှင်းဟယ် ‘အိမ်တွင်းအကြမ်းဖက်မှု’ ဆိုသည့်အသုံးအနှုန်းကို တမင်ရွေးသုံးလိုက်သည်။
ရှမုန့်၏ဘဝက ဘယ်လိုဖြစ်ခဲ့လဲဆိုတာ သူမလုံးဝမသိထားသော်လည်း အိမ်စေက သူမကို ဆက်ဆံပုံအရ သူမသည် ယဲ့မိသားစုတွင် ဘောင်မဝင်ချေ။
အကယ်၍ အန်တီတင်းကဲ့သို့သော အိမ်စေက သူမကို ယခုလိုဆက်ဆံပါက ကျန်သည့်ယဲ့မိသားစုဝင်များ သူမကို မည်ကဲ့သို့ဆက်ဆံမည်ကို ခန့်မှန်းနိုင်လေသည်။
သူမကို လူတိုင်း ကောင်းကောင်းမဆက်ဆံကြလောက်ပေ။
အန်တီတင်းက မရယ်ရဘဲ ရယ်လိုက်သည်။
“သခင်မလေးက ရဲကိုတိုင်ရင်ရော ဘာဖြစ်လဲ။ အလုပ်ဖြစ်မှာမှမဟုတ်တာ။ သခင်မလေးက အကြာကြီးနေမကောင်းဖြစ်နေတာကနေ ပြန်ကောင်းလာတာဆိုတော့ အကောင်းဆုံးက ဘာမှမလုပ်ဘဲ နားနေသင့်တယ်လို့ပဲထင်တယ်”
“ငါက နင့်အမြင်ကို မေးလိုက်လို့လား။ ငါ့ဆီဖုန်းယူလာပေး” ရှင်းဟယ်လေသံမှာ ပိုမာလာသည်။
အန်တီတင်း အနည်းငယ်မျှတော့ လန့်သွားသည်။ ယနေ့ ရှမုန့်က တကယ့်ကို ပုံမှန်နှင့်မတူချေ။
ရှမုန့် ရုတ်တရက်ကြီး အားမာန်အပြည့်၊ အာဏာအပြည့်ဖြစ်လာ၍ အန်တီတင်း ရှော့ခ်ရသွား၏။ သူမ၏အပြင်ပန်းကမဟုတ်၊ သူမကိုယ်မှ ဖြာထွက်နေသည့်အရာတစ်ခုခုက အန်တီတင်းကို သူမစကားကို မနာခံဘူးလားဟူ၍ စိန်ခေါ်နေသကဲ့သို့ပင်။
အတန်ငယ် တုံ့ဆိုင်းနေပြီးနောက် အန်တီတင်း အရှုံးပေးလိုက်ပြီး သူမဆီ ဖုန်းပေးလိုက်သည်။ ရှမုန့်တွင် အကူအညီတောင်းစရာလူ မည်သူမျှမရှိသဖြင့် သူမကို ပေးလိုက်လျှင်လည်း ကိစ္စမရှိဟု သူမ ယုံကြည်လေသည်။
ရှင်းဟယ် ဖုန်းရပြီးသည်နှင့် ချက်ချင်း ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။ ၎င်းမှာ ရှကျီဖုန်းနံပါတ် ဖြစ်သည်။
နှစ်ခါမျှ မြည်သွားပြီးနောက် ဖုန်းကို ပြန်ဖြေလာသည်၊ သူမမောင်လေး၏ ရင်းနှီးနေသော အသံက တစ်ဖက်မှ ထွက်လာလေသည်၊ “ဟဲလို၊ ဘယ်သူပါလဲ”
ရှင်းဟယ် ဖုန်းခေါ်နေချိန်တွင် ဖုန်းပြန်မဖြေမည်ကို သူမ တကယ်ကြောက်နေခဲ့သည်။
သူမ ရှရှင်းဟယ် ဖြစ်ခဲ့သည်ဆိုသည့်အတိတ်က အိမ်မက်မျှသာဖြစ်သွားမည်ကို သူမကြောက်နေမိသည်။
ရှကျီ၏ ရင်းနှီးနေသောအသံကို ကြားလိုက်ရတော့မှသာ သူမ စိတ်အေးသွားသည်။
ရှင်းဟယ် ရင်ထဲ ခံစားချက်များစွာဖြစ်နေသော်လည်း သူမမျက်နှာတွင် ဘာမှမပြ။ “ဟဲလို ကျွန်မ ရှရှင်းဟယ်နဲ့ ပြောချင်လို့ပါ”ဟု တည့်တိုးပြောလိုက်သည်။
သူမ ရှကျီဟင်းခနဲဖြစ်သွားသံကိုကြားလိုက်ရသည်။ “ကျွန်တော့်အစ်မကိုလား၊ အစ်မကဘယ်သူလဲ၊ သူနဲ့ ဘာကိစ္စရှိလို့လဲ”
‘ရှရှင်းဟယ်ဆိုတာ တကယ်ရှိတယ်။ သူမ တကယ်ရှိတယ်’
ရှင်းဟယ် အနည်းငယ် မျက်လွှာချလိုက်သည်။ “ကျွန်မက သူမ သူငယ်ချင်းဟောင်းပါ၊ ကျွန်မ တီမြို့တော်ကို ရောက်တဲ့အခါ ကျွန်မတို့တွေ့ကြဖို့ ကတိပေးထားလို့ပါ၊ အဲဒါကြောင့် ကတိအတိုင်း ဆက်သွယ်လာတာပါ၊ သူမ အိမ်မှာရှိလားဟင်”
“အဲဒါက…” ရှကျီ ခဏတိတ်သွားပြီးနောက် “တောင်းပန်ပါတယ်၊ ကျွန်တော့်အစ်မက အခု ကိုမာဝင်နေလို့၊ သူမ သတိလစ်နေတာ လဝက်လောက်ရှိပြီ” ဟုပြောလာသည်။
ရှင်းဟယ် စိတ်လှုပ်ရှားသွား၍ မျက်ဆံပင်လှုပ်သွားသည်။ သူမဝမ်းသာလုံးဆို့သွားသည်ကို ကောင်းစွာဖုံးလိုက်နိုင်၍ မည်သူမျှသတိမထားမိလိုက်ကြ။
‘ငါ…မဟုတ်သေးဘူး၊ ရှရှင်းဟယ်ရဲ့ကိုယ်က အသက်ရှိနေတုန်းပဲ’
‘ဒါပေမဲ့ သူမ မသေသေးတာကို ဘာလို့ သူမရဲ့ အသိစိတ်က အခြားသူကိုယ်ထဲရောက်သွားရတာလဲ’
ရှင်းဟယ်စိတ်ထဲ ထိုမေးခွန်းဝင်လာသည်။ သူမ ရှကျီကိုမေးလိုက်သည်၊ “သူမ ဘာဖြစ်သွားလို့လဲ၊ အခု သူမ အခြေအနေဘယ်လိုရှိလဲ”
ဘာကြောင့်မှန်းမသိ ထိုလျှို့ဝှက်ဖုန်းခေါ်ဆိုသူက ရှကျီအား သူ့အစ်မကို သတိရသွားစေသည်။ သူ သူမနှင့်ရင်းနှီးနေသလိုခံစားရ၍ သူမမေးခွန်းများကို အမှန်အတိုင်း ဖြေလိုက်သည်။
…
Zawgyi
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...