အခန်း ၂၇၀။
ရှီးမိသားစုက ခေါ်သွား
“ကျွန်တော့်အစ်မခေါင်းထဲမှာ အကျိတ်တွေ့ထားတာလေ၊ ဒါပေမဲ့ တော်သေးတာက အခုတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ သူမက အခုထိသတိပြန်မရသေးဘူး၊ ဆရာဝန်တွေလည်း ဘာကြောင့်လဲဆိုတာ မပြောနိုင်ကြဘူး”
ရှင်းဟယ် ရှော့ခ်ရသွား၍ “အကျိတ်က မရှိတော့ဘူး” ဟုပြန်မေးလိုက်သည်။
“ဟုတ်တယ်ဗျ၊ တကယ် အံ့ဩစရာ။ သူမ ဓာတုကုထုံးနဲ့ ကုတဲ့ ပထမအခေါက်မှာတင် မရှိတော့တာ၊ ဒါတွေအားလုံးက ကျွန်တော့်အစ်မရဲ့ ကုသိုလ်တွေကြောင့်ပေါ့ဗျာ”
၎င်းက ရှင်းဟယ်အတွက် ဆန်းသစ်နေသည်။
မည်သို့ပင် ဆိုစေကာမူ အကျိတ်မရှိတော့သည့်အချက်က ကောင်းသောတိုးတက်မှုဖြစ်သည်။
သူမ အံ့ဩသင့်သလောက်တော့ မအံ့ဩတော့ချေ၊ အဘယ်ကြောင့်ဆိုသော် ဤသတင်းမတိုင်ခင်က သူမ ၎င်းထက်ပိုထူးဆန်းသောသတင်းကို ကြုံလိုက်ရလို့ဖြစ်၏။
“သူမ သူငယ်ချင်းအနေနဲ့ ကျွန်မ သူမဆီလာချင်တယ်၊ ဖြစ်နိုင်မလား”ဟု ရှင်းဟယ်မေးလိုက်သည်။
ရှကျီ အခက်တွေ့သွားသည်၊ “တကယ်ကလေ သူမက အခုဆေးရုံမှာ မဟုတ်တော့ဘူး၊ သူမကို ရှီးမိသားစုက စောင့်ရှောက်ပေးမယ်ဆိုပြီးခေါ်သွားကြတယ်။ ဒါပေမဲ့ သူမကို တွေ့ချင်ရင် ကျွန်တော့်ဆီကိုသာ လာခဲ့ပါ၊ ကျွန်တော် ခေါ်သွားပေးနိုင်ပါတယ်။ ဒါနဲ့လေ မစ္စ် နာမည်က ဘယ်လိုခေါ်လဲ။ ကျွန်တော့်အစ်မက သူငယ်ချင်းအများကြီး မရှိတော့၊ စပ်စုမိတဲ့အတွက် တောင်းပန်ပါတယ်”
ရှင်းဟယ်ကို သတိအနေအထားဖြင့် ကြည့်နေသေးသည့်အန်တီတင်းကို ရှင်းဟယ် တစ်ချက် ခိုးကြည့်လိုက်ပြီး “ကျွန်မနာမည်က ရှမုန့်ပါ၊ ယဲ့မိသားစုကပါ” ဟု ပြန်ဖြေလိုက်သည်။
“အဲဒါမှ တကယ်တိုက်ဆိုင်ချက်၊ ကျွန်တော်တို့ မျိုးရိုးတူတာပဲ၊ မစ္စရှ။ အိုကေ ကျွန်တော့်အစ်မဆီ လာချင်ရင် ကျွန်တော့်ကိုသာ ဖုန်းဆက်လိုက်ပါ”
“ကျေးဇူးတင်ပါတယ်…” ရှင်းဟယ် ရွေးစရာမရှိ၊ ဖုန်းချလိုက်ရသည်။ သူမက သူ့အစ်မဟူ၍ ရှကျီကို ဖွင့်ပြောလို့မသင့်ပေ။
ရှကျီကို စည်းရုံးရန်က အင်မတန်ခက်ပေလိမ့်မည်၊ ထို့ပြင် အန်တီတင်းနှင့် သက်တော်စောင့်နှစ်ဦးက သူမ အပိုလျှောက်ပြောမှာစိုး၍ ဆက်တိုက်စောင့်ကြည့်နေကြသည်။
ထို့ပြင် အချက်များကို အတည်မပြုရသေးခင် သူမ ဘာမှမလုပ်ချင်သေးပေ။
အရူးထောင်ထဲတွင် အပိတ်ခံထားရလို့မဖြစ်။
ထို့ပြင် ခဏမျှ ရှမုန့်အနေနှင့်နေရမည်ကို စိတ်ထဲမထားချေ။ ယခုကဲ့သို့ ထူးဆန်းထွေလာဖြစ်စဉ်နှင့် ပတ်သက်၍ သူမ သဲလွန်စတစ်ခုခုရလာနိုင်လောက်မည်။
ဖုန်းတစ်ဖက်တွင် ရှောင်းမော့က ကားမောင်းနေပြီး ရှကျီက ဘေးခုံတွင်ထိုင်နေသည်။ ရှကျီဖုန်းချလိုက်သောအခါ ရှောင်းမော့ကမေးလာသည်။ “ဘယ်သူလဲ”
“ရှမျိုးရိုးနဲ့အမျိုးသမီးပဲ၊ သူကပြောတာတော့ အစ်မရဲ့သူငယ်ချင်းတဲ့၊ အစ်မနဲ့ တွေ့ချင်လို့ပါတဲ့” ဟု ရှကျီက ပြန်ဖြေလိုက်သည်။
ရှောင်းမော့ ပိုသိချင်သွားသည်။ “သူကသာ မစ္စရှရဲ့ သူငယ်ချင်းဆို သူက ဘာလို့ သူမဆီ တိုက်ရိုက်မဆက်ဘဲ မင်းဆီကို ဆက်လာရတာလဲ”
“အစ်ကိုပြောတာမှန်တယ်…” ၎င်းအချက်ကြောင့် ရှကျီလည်း သံသယဝင်မိသည်။ ‘သူမသာ သူ့အစ်မဖုန်းကို ခေါ်ရင် တစ်ယောက်ယောက်ကတော့ ကိုင်မှာပဲလေ၊ အဲဒါကို သူက ဘာလို့ အစ်မဖုန်းကို မဆက်ရတာလဲ’
“သူက ငါ့အစ်မရဲ့ ဟိုးအရင်က သူငယ်ချင်းပဲနေမှာပေါ့၊ အစ်မက အဲတုန်းကဆို ဖုန်းကိုင်ရတာမကြိုက်ဘူးဆိုတာကို မှတ်မိသေးတယ်” ဟု ရှကျီက
မှန်းဆလိုက်သည်။
ရှီးမိသားစု၏ အိမ်တော်ဟောင်းကို မြင်လိုက်ရစဉ် ရှောင်းမော့ ခေါင်းညိတ်လိုက်သည်၊ “ငါတို့ရောက်ပြီ”
ရှကျီ ထိုအိမ်တော်ကို ကြည့်လိုက်သောအခါ သူ့ရင်ထဲခံစားချက်တို့ ရှုပ်ထွေးသွား၏။
သူ့အစ်မကို တွေ့ရတော့မည်ဖြစ်၍ ဝမ်းသာနေသော်လည်း သူမက သတိပြန်မလည်လာသေး၍ ဝမ်းနည်းမိသည်။
…
ရှင်းဟယ်တို့သည်လည်း ယဲ့မိသားစု ဗီလာသို့ရောက်သွားကြသည်။
အိမ်၏ အရွယ်အစားမှာ အနေတော်ပင်။ ယဲ့မိသားစုသည် ချမ်းသာသော်လည်း ကျိကျိတက် ချမ်းသာတာမျိုးမဟုတ်မှန်း သိနိုင်ပေသည်။
အန်တီတင်းက ကားပေါ်မှ ဦးဆုံးဆင်းသွားလေသည်။ သူမက အေးတိအေးစက်ဖြင့် အမိန့်ပေးလိုက်သည်၊ “သခင်မလေး အခု ထွက်လာလို့ရပြီ၊ သခင်မလေးလည်း စည်းမျဉ်းကို သိသားပဲ၊ အိမ်ထဲမှာဆို ဝှီးချဲလ်ကို သုံးလို့မရဘူး”
ရှမုန့်၏ခြေထောက်များမှာ လုံးလုံးမသန်မစွမ်းဖြစ်နေတာမျိုးမဟုတ်၊ ခြေထောက်တစ်ဖက်က ကျိုးနေပြီး သူမခြေလှမ်းလှမ်းသည့်အခါ အချိုးမကျဖြစ်နေသည်။
ရှင်းဟယ် သူမ၏ ထူးခြားသော ခြေထောက်ပုံစံနှင့် အသားကျအောင် လုပ်လိုက်ပြီး အန်တီတင်းကို ကျော်ကာရှေ့သို့လျှောက်သွားတော့သည်။
အန်တီတင်းက အံ့ဩတကြီးဖြင့် သူမကို ကြည့်နေသည်။ ရှမုန့်သည် ပုံမှန်ဆို လူကြားထဲတွင်လမ်းလျှောက်ရသည်ကို သူမက အမှားတစ်ခုခုကို လုပ်ထားမိသကဲ့သို့ ရှက်တတ်၍ သူမ အိမ်ကထွက်လျှင် အမြဲဝှီးချဲလ်ကိုသာ သုံးလေ့ရှိသည်။
သူမရှေ့မှ ရှမုန့်ကတော့ လုံးဝမတူချေ။ မသန်မစွမ်းဖြစ်နေလျက်နှင့်တောင် စူပါမော်ဒယ်တစ်ယောက် လမ်းလျှောက်နေသကဲ့သို့ ယုံကြည်ချက်အပြည့်နှင့်ဖြစ်၏။
အန်တီတင်းက စိတ်ထဲ၌ တွေးမိလိုက်သည်။ ‘သတ်သေတာက ဒီမိန်းမကို တစ်ခုခုများ ပြောင်းလဲသွားစေတာလား၊ ဒါမှမဟုတ်ရင် ဒီလိုပြောင်းလဲသွားတာတွေကို ဘယ်လိုရှင်းပြကြမလဲ’
ဧည့်ခန်းထဲ၌ သခင်မယဲ့နှင့် သူမသမီး ယဲ့ချင်တို့ နေ့လယ်ခင်းလက်ဖက်ရည်ကို သုံးဆောင်နေကြသည်။
ရှင်းဟယ်ပြန်လာသည်ကို မြင်လိုက်သည်နှင့် သူတို့မျက်နှာထက်မှ အပြုံးတို့ ချက်ချင်းပျောက်သွားပြီး စိတ်ပျက်၊ ရွံ့ရှာသည့်အသွင်သို့ မျက်နှာထားပြောင်းသွားသည်။
အသက်၂၀ပင် ကျော်သေးပုံမရသည့် ယဲ့ချင်ကပင် စိတ်ပျက်သွားသည့်ပုံဖြင့် ရှင်းဟယ်ကို မျက်ဆန်ကိုပင့်လိုက်လေသည်။
----
Zawgyi
BẠN ĐANG ĐỌC
ဝေးလွင့်ပြီးသော အတိတ် (၂)
Lãng mạnကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...
