အပိုင်း (၃၃)
အန်းရှသည် သူမ၏ ပါးမို့များကို ကိုင်လိုက်လျက် သေသေချာချာ စဉ်းစားပြီးနောက်တွင် မှတ်မိသွားလေတော့သည်။
သူမသည် နေကောင်းခါစတွင် ပျင်းရိနေလေသောကြောင့် အင်တာနက် အသုံးပြုရင်းဖြင့် 'ဘဝ၏ အနားယူအပန်းဖြေချိန်' ဆိုသည့် တီဗွီအစီအစဉ်အကြောင်းကို တွေ့မြင်ဖူးလေသည်။ ထိုတီဗွီရှိုးသည် အနုပညာရှင်များ၏ ကျေးလက်ဒေသများသို့သွားရောက်၍ ဘဝ အတွေ့အကြုံယူကြသည့် အစီအစဉ်တစ်ခု ဖြစ်လေသည်။
သူမသည် ထိုအစီအစဉ်၏ အစမ်းထုတ်လွှင့်မှုကို ကြည့်လိုက်ရသောအခါ စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ခံစားမိလေသည်။ ထို့ကြောင့် ထိုအစီအစဉ် ထုတ်လွှင့်လာလျှင် ကြည့်မည်ဟုလည်း စဉ်းစားထားမိလေသည်။
အဲဒါက အခုထုတ်လွှင့်နေပြီလား။ ထို့နောက် သူမအနေဖြင့် စောင့်ကြည့်စရာ အစီအစဉ်တစ်ခု ရှိသွားပြီ ဖြစ်သည်။
"ရှရှ...သွားကြစို့။ အိမ်ပြန်ပြီး ချက်ပြုတ်ကြမယ်"
"ဟုတ်...အမေ။ ဒီနေ့ သမီးချက်မယ်"
"သမီး...ဟင်းချက်တတ်လို့လား..."
အမျိုးသမီးအန်းသည် သမီးဖြစ်သူကို မယုံကြည်သော အကြည့်များဖြင့် သံသယဝင်စွာ ကြည့်လိုက်လေသည်။
ဤသည်မှာ သူမသည် သမီးဖြစ်သူကို အထင်အမြင်သေးခြင်းကြောင့် မဟုတ်ဘဲ အန်းရှသည် အိမ်အတွက် တစ်ခါမျှ ဟင်းမချက်ပေးဖူးသလို အိမ်အလုပ်များ လုပ်ဆောင်ရသည်ကိုလည်း မနှစ်သက်သောကြောင့်သာ ဖြစ်သည်။
ပိုးမွေးသကဲ့သို့ အလိုလိုက်ထားရသော သမီးဖြစ်သူသည် ဟင်းချက်ပေးမည်ဟု ပြောလာသောကြောင့်...
သူမသည် စနောက်နေခြင်းသာ ဖြစ်မည်လား။
သူမ၏ သမီးဖြစ်သူသည် စနောက်၍ ပြောနေခြင်းမဟုတ်ပါ။
သူမသည် အမှန်တကယ်ကို ချက်ပြုတ်တတ်လေသည်။
မီးဖိုချောင်ကျဉ်းကျဉ်းလေးထဲတွင် အန်းရှ၏ အမေသည် ဟင်းသီးဟင်းရွက်များကို ကျွမ်းကျင်စွာ ဖြတ်တောက်၍ ကြော်နေသော သမီးဖြစ်သူကို ကြည့်နေမိလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်