Unicode
အခန်း (၁၇၈)
ကိုယ် ဘယ်လိုလုပ်ပြီး ရဲဝံ့မှာလဲစုယန်ယန်သည် သူ ပြောတာကို ကြားပြီး နည်းနည်း စိတ်မကောင်း ဖြစ်မိသည်။
“ဘာလို့ စိတ်ပျက်စရာ ကောင်းအောင် ပြောနေရတာလဲ။ ကျွန်မ ရှင့်ကို ကုသပေးနိုင်တယ်။ ကျွန်မ ကဏ္ဍပေါင်းစုံကို သေချာပြင်ဆင်ပြီး အပ်စိုက်ကုထုံးကို ပိုမိုကျွမ်းကျင် လာတဲ့အခါကျ ရှင့်ကို ကုသပေးမယ်။ တစ်နေ့မှာတော့ ရှင့်ရဲ့ အသစ်စက်စက် ပုံရိပ်ကို ကမ္ဘာကြီးထံမှာ ကျွန်မ ချပြနိုင်လိမ့်မယ်”
“ကဏ္ဍပေါင်းစုံကို ပြင်ဆင်ပြီး အပ်စိုက်ကုထုံးကို ပိုမိုကျွမ်းကျင် လာရင်လား”
ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ စကားကို ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ သူ့မျက်လုံးတွေဟာ ဒီစကားလုံးများ၏ အဓိပ္ပါယ်ကို နားလည်သွားဟန် တလက်လက် တောက်ပလာပြီး မေးမြန်းခဲ့သည်။
“ဒါဆို၊ မင်း သူတို့ကို ဆေးကုသဖို့ ကူညီပေးနေတဲ့ အကြောင်းရင်းက သူတို့ကို လေ့ကျင့်ဖို့ အသုံးပြုနေတာလား”
စုယန်ယန်သည် သူမ၏ လျှို့ဝှက်ထားသော ရည်ရွယ်ချက်များကို ဟောက်ချန်ဟွမ်းက အလွယ်တကူ မြင်နိုင်ခဲ့သည့်အတွက် အံ့သြသွားမိသည်။ ဒါကို သူမ ဘယ်လို တုံ့ပြန်ပြောဆိုရမလဲ ဆိုတာ မသိပေ။
“အဟမ်း၊ ရှင် ဒီလိုမျိုး ပြောလို့ မသင့်ဘူးလေ။ ရှင်က ကျွန်မကို ကြောက်စရာ ကောင်းတဲ့ လူတစ်ယောက်လို ပြောလိုက်တာပဲ။ ကျွန်မက အခု သိပ်မကျွမ်းကျင်သေးပေမယ့် ကျွန်မ သူတို့ကို သေချာဂရုစိုက်ပြီး ကုသပေး နေတုန်းပါပဲ။ ကျွန်မ သူတို့ကို လေ့ကျင့်ဖို့ အသုံးပြုနေတယ်လို့ လုံးဝ အတိအကျ ပြောလို့ မရဘူး”
ဟောက်ချန်ဟွမ်းသည် အလွယ်တကူ အရူးလုပ်လို့ ရတဲ့လူတစ်ယောက် မဟုတ်ပေ။ သူက ရယ်ရွှင်စွာ ပြောလိုက်သည်။
“အတိအကျ ပြောလို့ မဖြစ်ဘူး ဆိုတော့ တစ်စိတ်တစ်ပိုင်းတော့ မှန်ကန်တယ်လို့ ပြောလိုက်တာပဲ၊ ဟုတ်တယ် မဟုတ်လား”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ရှင်ပြောတာ မှန်တယ်” စုယန်ယန်က သူ့ကို ဒေါသတကြီး စိုက်ကြည့် လိုက်သည်။