အခန်း (၁၉၅)
ကွဲပြားခြားနားသော အာဟာရဓာတ်
"ဒါက အန်တီချင်အတွက်၊ ဒါကတော့ ဦးလေးချိန် အတွက်ပါ" စုယန်ယန်သည် စွပ်ပြုတ် ပန်းကန်များအား ထိုနည်းအတိုင်း ဖြန့်ဝေပေးခဲ့သည်။
တခြားသူတွေက သူတို့၏ ရှေ့မှ စွပ်ပြုတ်ပန်းကန်တွေကို အကြည့်စူးစူးဖြင့် စိုက်ကြည့် နေကြပြီ။
ဒီလို အခြေအနေမျိုးကို ပထမဆုံး တွေ့ကြုံရသည့် ချိန်ကျွင်းဟောင်သည် သူ့ရှေ့မှ စွပ်ပြုတ်ပန်းကန်ကို သံသယစိတ်နှင့် ကြည့်ပြီးနောက် သူ့ဇနီးလေး၏ စွပ်ပြုတ် ပန်းကန်ကိုလည်း ကြည့်လိုက်မိသည်။
"ဒီစွပ်ပြုတ်တွေက ဘာဖြစ်လို့ မတူတာလဲ"
"ဒါက ဆေးဖက်ဝင် အပင်တွေနဲ့ ချက်ပြုတ်ထားတဲ့ ဆေးဖက်ဝင် စွပ်ပြုတ်ပါ။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ လိုအပ်တဲ့ အာဟာရ ဓာတ်တွေက ကွဲပြားခြားနားတော့ သဘာဝအတိုင်းပဲ စွပ်ပြုတ်တွေကပါ ကွဲပြားခြားနား ပါလိမ့်မယ်"
ချိန်ကျွင်းဟောင်က ဒီအကြောင်းကို သိပ်မသိဘူး၊ ဒီတော့ သူ သံသယဖြစ်စွာ မေးမြန်းလိုက်သည်။
"ဒီလောက် အတိအကျလုပ်ဖို့ လိုအပ်လို့လား"
"ဒါပေါ့၊ သမီးက ဦးလေးချိန်ကို လိမ်စရာလား"
ချိန်ကျွင်းဟောင်က ဘာမှမပြောတော့ပဲ ခေါင်းညိတ် လိုက်သည်။
ဆန့်ကျင်ဖက် အနေနှင့် ဒီကာလအတွင်း သူ့မြေးမလေးက ချင်ရွှယ်ရူ၏ ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်း ပေးနေသည်ဟု ထင်နေသည့် အဘိုးချိန်သည် သူတို့နှစ်ယောက်၏ စွပ်ပြုတ် ပန်းကန်တွေကို တစ်ချက် ခိုးကြည့်လိုက်ကာ ဒီစွပ်ပြုတ်များ၏ အကျိုးသက်ရောက်မှုများကို အနည်းနှင့် အများဆိုသလို ခန့်မှန်းနိုင်ခဲ့သည်။ သူက ခေါင်းကို အနည်းငယ်ငုံ့ကာ သူ့မျက်နှာပေါ်ရှိ အပြုံးကို ဖုံးကွယ်လိုက်သည်။
ချိန်ရှုချင်နှင့် တခြား လူတွေကပါ အနည်းငယ် ခန့်မှန်းနိုင်ခဲ့ကြပြီး လေထုကို သက်သောင့်သက်သာ ဖြစ်စေရန် အပြုံးများဖြင့် စကားဆိုကြသည်။
