အခန်း (၂၄၄)
ဗွီဗွီအိုင်ပီဖောက်သည်အတွက် အကျိုးခံစားခွင့်
စားပွဲထိုး မိန်းကလေးက အနည်းငယ် ကြက်သေ သေသွားပြီး စိတ်ရှုပ်ထွေးစွာ ထွက်သွားသည်။
"နင် မောင်းထုတ်ခံလိုက်ရတာလား" ခေါင်းဆောင်က အပြုံးဖြင့် မေးသည်။
"ခေါင်းဆောင်ရဲ့ လေသံကို ကြည့်ရတာ သိပ်မအံ့သြသလိုပဲ။ အခု တွေ့ခဲ့ရတဲ့သူက ဘယ်သူလဲ။ ဘော့စ်လေးက ဘာဖြစ်လို့ သူ့ကို ကိုယ်တိုင် ဧည့်ခံပေး နေရတာလဲ"
ခေါင်းဆောင်က ပြုံးပြီး အပြင်ဘက်မှာ မြင်ရသည့် ပန်းတွေကို ညွှန်ပြ လိုက်သည်။ "နင် အဲ့ဒီပန်းတွေကို မြင်တယ်မလား"
"ကျွန်မ မြင်တယ်လေ။ မနက် အစောကြီး ကတည်းက ဒါတွေ ပို့ပေးခဲ့တာ။ တစ်လမ်းလုံး ပန်းတွေ ဖုံးလွှမ်းနေတာ ဆိုတော့ ကျွန်မ ဘယ်လိုလုပ်ပြီး မမြင်ပဲ နေမှာလဲ"
"ဒါတွေကို ဘယ်သူပို့ပေးတာလဲ ဆိုတာ နင် သိလား"
"ဘော့စ်ရဲ့ သတို့သားလောင်း ပို့ပေးတာ မဟုတ်ဘူးလား" ကောင်မလေးက ရုတ်တရတ် တစ်ခုခုကို သွားတွေးမိဟန် သူမမျက်ဝန်းတွေ ပြူးကျယ် သွားသည်။ "ခေါင်းဆောင် ဆိုလိုချင်တာက အဲ့ဒီ အမျိုးသားက..."
ခေါင်းဆောင် ဘာမှ မပြောပဲ သူမကို အကြည့်တစ်ချက်သာ ပေးလိုက်ကာ "မင်းဘာသာမင်း တွေးကြည့်ပေါ့"
အခြားတစ်ဖက်တွင်မူ စုယန်ယန်က စားပွဲထိုး မိန်းကလေးကို အဝေးသို့ စေလွှတ် လိုက်သည်ကို မြင်လိုက် ရသောအခါ ဟောက်ချန်ဟွမ်း၏ မျက်ဝန်းများမှာတလက်လက် တောက်ပသွားသည်။ သူက အဖြေကို သိနေသော်လည်း မေးလိုက်မိသည်။
"မင်း သူမကို မောင်းထုတ်လိုက်တော့ ကိုယ်တို့ကို ဘယ်သူက ဧည့်ခံပေးမှာလဲ"
စုယန်ယန်က တခစ်ခစ် ရယ်မော လိုက်သည်။ "ကျွန်မ ရှင့်ကို ဧည့်ခံမယ့်သူပါ။ ရှင် စိတ်ကျေနပ်ရဲ့လား"
"မင်း ဧည့်ခံတာကို စိတ်မကျေနပ်ဘူး ဆိုရင် ဘယ်လိုလုပ်မလဲ"
စားသောက်ဆိုင် ပိုင်ရှင်၏ ဧည့်ခံမှုကို သူက ဘယ်လိုလုပ်ပြီး မကျေမနပ် ဖြစ်ဝံ့တာလဲ။ မကြာသေးမီက သူ့ကို အလိုလိုက် ထားလွန်းလို့လား။