အခန်း (၁၉၈)
ဒီဆုလာဘ်ကို မိသားစုထဲ သိမ်းဆည်းထားသင့်တယ်
စုယန်ယန်သည် ယင်ကောင် တစ်ကောင်ကို မျိုချလိုက်မိသလို ဖြစ်နေသည့် သူမအဘိုးကို စိုက်ကြည့် နေခဲ့သည်။ သူက သူ့အင်္ကျီလက်တွေကို ခေါက်တင်ပြီး တစ်စုံတစ်ယောက်ကို အချိန်မရွေး ရိုက်နှက်ဖို့ အဆင်သင့် ဖြစ်နေပုံရသည်။
သူမက တစ်ခဏတာမျှ အေးခဲသွားပြီး သူ့လက်မောင်းကို အလျင်စလို ပွေ့ဖက်ဖို့ ခြေလှမ်းပြင်သည်။ သူမ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။
"မဟုတ်ပါဘူး၊ အဘိုးရဲ့၊ သမီးကို ဘယ်သူကမှ အဲ့လိုစကားမျိုး မပြောပါဘူး။ ချန်ဟွမ်းက အရမ်း တော်လွန်းတယ်လို့ သမီး စိတ်ထဲ တွေးမိလို့ပါ၊ ဒါ့ကြောင့်..."
ထိုစကားကို ကြားလိုက် ရသောအခါ အဘိုးချိန်ရဲ့ မျက်နှာ အရောင်ဟာ အနည်းငယ် ပိုကောင်း လာပေမယ့် သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ ထားမြဲ စေ့ထားကာ ခပ်ချဉ်ချဉ် မေးလိုက်သည်။
"သူက ဘယ်လို တော်တာလဲ"
စုယန်ယန်က သူ၏ မကျေနပ်သည့် အသံကို ဘယ်လိုမှ မကြားနိုင်တော့တာကြောင့် သူမက အပြုံးလေးဖြင့် ပြောလိုက်သည်။
"သူက အရာရာတိုင်းမှာ တော်တယ်။ သူက ချောမော ခန့်ညားတယ်၊ သမီးအပေါ်မှာ ကြင်နာတယ်၊ သစ္စာရှိပြီး သမီးရဲ့ ချို့ယွင်းချက်တွေကို ကာကွယ်ပေးတယ်..."
အဘိုးချိန်သည် ဟောက်ချန်ဟွမ်းကို ချီးမွမ်းနေသော သူမ စကားတွေကို ဆက်လက် နားမထောင်နိုင်တော့ပေ။
"သူက သစ္စာရှိတယ်လို့ မင်း ဘယ်လိုလုပ်ပြီး သိတာလဲ။ မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် သိတာ ဘယ်လောက် ကြာသေးလို့လဲ။ မင်း လှည့်စား မခံရဖို့ သတိထားသင့်တယ်"
"သူ သမီးကို ဘယ်တော့မှ မလိမ်ညာဘူးလို့ သမီးယုံတယ်"
သူက သူမကို တစ်သက်လုံး စောင့်ကြည့် ကာကွယ်ပေးခဲ့ပြီး သူမ သေဆုံး သွားပြီးနောက် လက်စားချေရန် အရာအားလုံးကို စွန့်လွှတ်ခဲ့သည်။ သူ အားလုံးကို လက်စား ချေပြီးနောက် အရာအားလုံးကို ချန်ထားရစ်ခဲ့ကာ သူမနောက်သို့ ပြတ်ပြတ်သားသား လိုက်ပါလာခဲ့သည်။