အခန်း (၁၉၇)
သမီး သူနဲ့ ထိုက်တန်ဖို့ မျှော်လင့်တယ်
"အဘိုး၊ ဒီနားမှာ ဘာလုပ်နေတာလဲ"
အဘိုးချိန်က မျက်မှောင်ကြုတ်ပြီး ကြည့်နေကာ အေးစက်စွာ နှာခေါင်းရှုံ့ရင်း တုံ့ပြန် လိုက်သည်။
"ငါ ဒီနေရာမှာ တစ်ချိန်လုံး ရှိနေတာပဲ၊ မင်းဘာသာမင်း ငါ့ကို သတိမမူမိပဲ မင်း စကားပြောလို့ ဆိုလို့ပြီးမှ ငါ့ကို မြင်တယ်ပေါ့လေ"
စုယန်ယန်သည် အပြစ်ရှိဟန် ပြုံးလိုက်သည်။ "အဘိုး အားလုံး ကြားလိုက်လား"
"အင်း"
"ဒါဆိုရင် အဘိုးရော သမီးအကြံကို ဘယ်လိုထင်လဲ။ သမီး ဆေးဖက်ဝင် ဟင်းလျာ စားသောက်ဆိုင် ဖွင့်နိုင်မလား"
"မင်း သေချာပေါက် ဖွင့်နိုင်တာပေါ့။ သုတေသန အဖွဲ့အစည်းက မကြာသေးခင်က မင်း ပို့ပေးခဲ့တဲ့ မျိုးစေ့တွေကို စိုက်ပျိုးခဲ့ကြတယ်။ ဒီဆေးဖက်ဝင် အပင်တွေ စျေးကွက်ထဲ မဖြန့်ချိခင် မင်းဆီက ဆေးဖက်ဝင် အပင်တွေကသာ တစ်ခုတည်းသော အရင်းအမြစ်ပဲ။ သုတေသန အဖွဲ့အစည်းက လူတွေက သူတို့ ဘယ်လောက်အထိပဲ လုပ်သင့်တယ် ဆိုတာကို သူတို့သိတယ်၊ သူတို့ မင်း စားသောက်ဆိုင်ဖွင့်ဖို့ ဆန္ဒရှိရင် သူတို့ မထောက်ခံပဲ မနေနိုင်ဘူး။ သူတို့ကတောင် မင်းရဲ့ စားသောက်ဆိုင်ကို ထောက်ပံ့ ပေးရတာကို ကျေနပ်နေကြလိမ့်မယ်"
စုယန်ယန်၏ မျက်ဝန်းလေးများမှာ တောက်ပသွားသည်။ အကယ်၍ သုတေသန အဖွဲ့အစည်းသည် သူမအဘိုးဖြစ်သူ ပြောသည့်အတိုင်း သူမ၏ စားသောက်ဆိုင်ကို အမှန်တကယ် ပံ့ပိုးပေးနိုင်ပါက၊ သူမ၏ ဆိုင်ငယ်လေးသည် ခိုင်မာသော အခြေခံ အုတ်မြစ်တစ်ခု ဖြစ်လာနိုင်ပြီး အနာဂတ်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပါက သူမ အားကိုးနိုင်မည့် အရာတစ်ခု ဖြစ်လာလိမ့်မည်။
"ဒါပေမယ့် စားသောက်ဆိုင်ဖွင့်တာက ရုံးထိုင် အလုပ်ထက် ပိုခက်ခဲတယ်။ မင်း အရမ်းပင်ပန်းမှာ ငါ စိုးရိမ်တယ်"
စုယန်ယန်သည် ဒီအကြောင်းကို ဟိုးအရင် ကတည်းက တွေးတော ထားခဲ့ပြီးသား ဖြစ်သည်။ သူမက ရယ်မောရင်း ပြောလိုက်သည်။
