အပိုင်း (၂၆၇)
ပျော်ရွှင်စရာ မင်္ဂလာပွဲလေးပါ
ကံမကောင်းစွာဖြင့်၊ အခြေအနေတွေက ခွင့်မပြုသောကြောင့် သူမသည် နောင်အနာဂတ်မှ ဒီနောင်တ အတွက် အတိုးချပြီး လည်ပတ်ဖြစ်ဖို့ ဆုံးဖြတ်ချက်သာ ချထားနိုင်ခဲ့သည်။
သူမတို့နှစ်ဦးသား စကားစမြည် ပြောဆိုနေကြစဉ် ယမန်နေ့က အိမ်တော်မှာ လူတွေ အများကြီး ရှိနေသောကြောင့် အခန်းထဲ သော့ခတ်ပြီး ထားခဲ့ရသော သွမ်းသွမ်းလေးသည် နောက်ဆုံး၌ အခန်းထဲမှ ထွက်ခွာခွင့် ရရှိခဲ့ပြီး ပျော်ရွှင်စွာဖြင့် အိမ်တော်ထဲမှ ပြေးထွက်လာခဲ့သည်။
စုယန်ယန်တို့ နှစ်ဦးဘေးမှာ ကျယ်လောင်စွာ ဟောင်ရင်း လှည့်ပတ်နေခဲ့သည်။
ထိုအချိန်မှပင် စုယန်ယန်သည် သူမ အချိန်အတော်ကြာ လျစ်လျူရှု ထားခဲ့မိသော ဒီအမွေးပွ ခွေးလေး အကြောင်းကို တွေးမိလိုက်သည်။ သူမက လှည့်ကြည့်ပြီး ဟောက်ချန်ဟွမ်း၏နား အနားသို့ တီးတိုး ကပ်ပြောခဲ့သည်။
"ရှင် ဆူညံသံတွေကို ကြောက်လားဟင်"
"ဆူညံသံလား"
"... ကျွန်မ ရှောင်ချီးကို ဟွားဟွားကို ဒီနေရာ ခေါ်လာစေချင်လို့။ ကျွန်မတို့ သားလေးက သူ့ဇနီးသည်ကို ဘယ်လောက် လွမ်းနေလဲ ရှင် ကြည့်ပါလား" စုယန်ယန်က ထိုသို့ပြောပြီး ထိုအမွေးပွ ခွေးလေးအား အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။
သွမ်းသွမ်းလေး ကြည့်ရတာ သူမ၏စကားကို နားလည်သလိုပါပဲ။ သွမ်းသွမ်းလေးက သူလေး၏ ခြေထောက်လေးကို ရှေ့သို့ ဆန့်ထုတ်ပြီး ဦးတိုက်သလို သဏ္ဌာန်လုပ်ကာ သူ့ခွေးအဖေကို စိုက်ကြည့်နေခဲ့သည်။
ဟောက်ချန်ဟွမ်း, "..."
"မင်းက ဒီအိမ်တော်ရဲ့ အရှင်သခင်မပဲ၊ ဒါ့ကြောင့် မင်း ကြိုက်သလို ဆုံးဖြတ်ချက် ချနိုင်တယ်"
"အိုကေ၊ ကျွန်မ အခုချက်ချင်း ရှောင်ချီးကို ဖုန်းခေါ်လိုက်မယ်။ ကျွန်မ ရှင့်အတွက် နေ့လယ်စာ ကောင်းကောင်း ချက်ကျွေးမယ်"
သူမ ထိုသို့ ပြောလိုက်သည့် အခိုက်အတန့်တွင် အမွေးပွ ခွေးလေးက မကြာမီ အချိန်အတွင်းမှာပင် သူလေး ချစ်လှစွာသော ခွေးမလေးနှင့် ပြန်လည် ဆုံတွေ့တော့မည်ကို သိလိုက်သကဲ့သို့ ချက်ချင်းဆိုသလို ပျော်ရွှင်စွာ ဟောင်လိုက်လေ၏။