အခန်း (၂၉၈)
- ကြို့ထိုးခြင်း
စုယန်ယန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်၊ "ရှင် ကြို့ထိုးနေတာ ဘယ်လောက်ကြာနေပြီလဲ။ ရှင် အခန်းထဲ ဝင်လာကတည်းက ဆက်တိုက် ကြို့ထိုးနေတာ"
ရှုယန်ကျွင်းသည် သူမပါးစပ်ကို ဖွင့်ပြီး တစ်ခုခု ပြောမယ် ကြံလိုက်တိုင်း ကြို့ထိုးလာပြန်သည်။
သူမ ကြိုးစားတည်ဆောက်ခဲ့သော သတ္တိသည် ဒီကြို့ထိုးမှုကြောင့် ချက်ချင်းပင် ကြေမွသွားခဲ့သည်။ သူမသည် ဝမ်းနည်းပူဆွေးစွာ ဒီလို ပြောပြခဲ့သည်၊ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က စဖြစ်ခဲ့တာ။ ပထမတော့ ဒါကို သိပ်ဂရုမစိုက်မိဘူး။ ဒီနှစ်ရက်အတွင်း ပိုဆိုးလာလိမ့်မယ်လို့ မထင်ထားဘူး။ အစ် ~ ~"
ရှုယန်ကျွင်းသည် စကားပြောတိုင်း ကြို့ထိုးနေခဲ့သည်။ အရင်က သူမ စကားမပြောခင်ကဆို အဆင်ပြေပေမယ့် အခု သူမ စကားပြောတော့ ကြို့ထိုးတာက ခလုတ်ဖွင့်လိုက်သလိုပဲ ကြို့ထိုးတာ မရပ်တော့ဘူး။ သူမသည် စက္ကန့်တိုင်းလိုလို ကြို့ထိုးနေခဲ့သည်။
တစ်ခါ ကြို့ထိုးလိုက်တိုင်း ရှုယန်ကျွင်း မတုန်လှုပ်ပဲ မနေနိုင်ပေ။ သူမကို ကြည့်ရတာ ရယ်စရာကောင်းသလို သနားစရာလည်း ကောင်းသည်။
"ကြို့ထိုးခြင်းရဲ့ လက္ခဏာကို တရုတ်ဆေးပညာမှာ အာ့နီလို့ ခေါ်တယ်။ ကြို့ထိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းက အများကြီး ရှိတယ်။ အအေးမိခြင်းကြောင့် ဖြစ်နိုင်သလို ဝမ်မီးမကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရှင့်လက်ကို ဆန့်ပေးပါလား၊ သွေးခုန်နှုန်း တစ်ချက် စမ်းကြည်ပေးမယ်"
"သူ့သွေးခုန်နှုန်းကို ဘယ်လို စမ်းသပ်ရမလဲ ဆိုတာကိုပါ သိတာလား" ယဲ့ချီလျန့်က ထအော်သည်။ သူက စုယန်ယန်ကို စကားပြောနေသည့် အရုပ်လေးတစ်ရုပ်ကို ကြည့်နေသလို စိုက်ကြည့်နေခဲ့သည်။
စုယန်ယန်က ရှက်ရွံ့သွားပြီး "... နည်းနည်းတော့ သိပါတယ်"
ရှုယန်ကျွင်းသည် စုယန်ယန်ရဲ့ ပြောစကားကို ကြားတဲ့အခါ သူမရဲ့ မသိစိတ်အရ သူမ ဆရာဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ရာ ဆရာြဖစ်သူက သူမအပေါ် လုံးဝ အာရုံမရှိတာကို မြင်တွေ့လိုက်ရသည်။ အကူအညီတောင်းရန် သူမရဲ့ စီနီယာအစ်ကိုကို လှည့်ကြည့်လိုက်သည်။
