258 01
အခန်း (၂၅၈)
ဆေးရုံသို့ နောက်တစ်ဖန် ရောက်သွားပြန်ပြီ
လဲကျသံက ဆူညံလွန်းသဖြင့် ဧည့်သည်အားလုံး အံ့သြသွားကြသည်။
စက္ကန့် အနည်းငယ် အကြာမှာတော့ ထိုလူနှင့် စကားပြောနေတဲ့ လူတွေက နောက်ဆုံးတော့ တုံ့ပြန် လာနိုင်ခဲ့သည်။ သူတို့က သူ့ကို ကူညီဖို့ ပြေးလာပြီး အော်ဟစ်လိုက်ကြသည်၊ "မင်း ဘာလုပ်လိုက်တာလဲ"
ထိုလူကို ရိုက်နှက် လိုက်သူက အေးစက်စွာ ရယ်မောလိုက်သည်။ သူမက လက်ဆစ်တွေကို ချိုးလိုက်ပြီး ထိုအသံက ခန်းမတစ်ခုလုံး ပဲ့တင်သံ ထပ်သွားသည်။
"နင်တို့ ငါ့နောက်ကွယ်မှာ ငါ့တူမအကြောင်း အတင်းတုပ်နေကြပြီး ဘာဖြစ်လို့လဲလို့ ငါ့ကိုပြန်မေးရဲတယ်ပေါ့လေ"
သူမ၏ စကားကြောင့် သူတို့တွေ မျက်နှာမှာ ဖြူဖျော့သွားကြသည်။ သူတို့ စကားပြောရန် ပါးစပ်ဖွင့် လိုက်သော်လည်း စုယန်ယန်နှင့် ဧည့်ခံပွဲလာ ပရိသတ်တွေက ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို သတိပြုမိသွားကာ သူတို့ဖက်သို့ လှည့်ကြည့်လိုက်သည်။
"အန်တီလေး" သူမကို မြင်လိုက်ရသောအခါ စုယန်ယန်၏ မျက်ဝန်းလေးတွေက တောက်ပသွားသည်။ စုယန်ယန်သည် ဂါဝန်ရှည်ကြီးကို ပင့်မပြီး သူတို့ဆီ ပြေးလာသည်။
စုယွဲ့ထင်က ဒါကို မြင်လိုက်ရသောအခါ မဆူပူမိပဲ မနေနိုင်တော့ပေ၊ "ဖြည်းဖြည်းလာ၊ ဖြည်းဖြည်းလာ။ ရှင်လေးက လက်ထပ်ပြီးတာတောင် အရမ်း ကလေးဆန်နေတုန်းပဲ။ လဲကျသွားရင် ဘယ်လိုလုပ်မလဲ"
"သမီး ဘာလုပ်နေလဲ ဆိုတာ သမီး သိပါတယ်။ အန်တီလေး၊ ဘယ်အချိန်က ရောက်တာလဲ။ တစ်ယောက်ယောက်ကို လာကြိုခိုင်းဖို့ သမီကို ဘာဖြစ်လို့ အစောကြီးက ကြိုမပြောရတာလဲ။ အန်တီလေး အချိန်မှ ပြန်မလာနိုင်ဘူးလို့ သမီး ထင်နေတာ"
စုယန်ယန် ရှေ့က အမျိုးသမီးက အသက်သုံးဆယ်ကျော်ရုံခန့် ရှိပုံပေါ်သည်။ သူမက စုယန်ယန်၏ အန်တီလေးဖြစ်ကာ သူမဖခင်ဖြစ်သူ၏ ညီမငယ်လေး စုယွဲ့ထင်ပင် ဖြစ်သည်။
