238 01
အခန်း (၂၃၈)
အပ်စိုက်ကုသဖို့ လိုအပ်တယ်
"ကုသလို့ ဖြစ်တယ်၊ ဒါပေမယ့် ကုသဖို့ အချိန်ကြာမြင့် လိမ့်မယ်။ ဒါ့အပြင် ဦးလေးတို့က အသက်ကြီးနေပြီ ဖြစ်လို့ နောက်ဆုံး ထွက်ရှိလာမယ့် ရလဒ်ကို သမီး ကျိန်းသေ အာမခံပေးလို့ မရဘူး"
စုယန်ယန်က ဒါကို ကုသပေးနိုင်သည်ဟု ကြားလိုက် ရသောအခါတွင် ဖန်းဝေ့မင်က ပို၍ပင် စိတ်လှုပ်ရှား သွားသည်။
"အဆင်ပြေတယ်။ ကုသနိုင်မယ့် အခွင့်အလမ်း ရှိသရွေ့ အချိန် ဘယ်လောက်ပဲ ကြာကြာ ပူးပေါင်း ဆောင်ရွက်ပေးဖို့ ဆန္ဒရှိတယ်။ အခွင့်အရေးက တစ်သောင်းမှာ တစ်ကြိမ်ပဲ ရှိရင်တောင် ဦးလေးတို့ ကြိုးစားကြည့်ချင်သေးတယ်"
ကုကျားမိန်ကပါ ဝင်ပြောသည်၊ "ဟုတ်တယ်၊ မျှော်လင့်ချက် ရှိနေသရွေ့ အန်တီတို့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးမှာပါ"
ဒီလူတွေက အတူတကွ ပေါင်းစည်းမိတာက ပထမအချက်မှာ သူတို့ဟာ လှေတစ်စင်းတည်းတွင် အတူရှိနေကြပြီး၊ ဒုတိယအချက်မှာ သူတို့၏ မိသားစု နောက်ခံတွေက တူညီကြပြီး သူတို့ စိတ်နေစိတ်ထားနှင့် အကျင့်စရိုက်တွေက အကုန်လုံး ကောင်းမွန်ကြသည်။
သူတို့က တစ်ယောက်အပေါ် တစ်ယောက် ခံစားချက် နက်နဲကြသည်။ တကယ်လို့ သူတို့မှာ ကလေးမရဘူး ဆိုရင်တောင် တခြားအမျိုးသား ဒါမှမဟုတ် အမျိုးသမီးတွေနဲ့ ကလေးမယူချင်ကြဘူး။
ဒါပေမယ့် သူတို့သည် သူတို့၏ နက်နဲတဲ့ ဆက်ဆံရေးနှင့် နှောင်ကြိုးကြောင့် ဖြစ်တည်လာမည့် သူတို့ ကိုယ်ပိုင် ရင်သွေးကိုတော့ လိုချင်ကြသည်။
နှစ်တွေ ကြာလာတာ နဲ့အမျှ သူတို့၏ ဆွေမျိုးမိတ် သင်္ဂဟတွေနဲ့ မျိုးဆက်သစ် လူငယ်တွေတောင် ချစ်စရာကောင်းတဲ့ သားသမီးတွေ တစ်ယောက်ပြီးတစ်ယောက် မွေးဖွားလာတာကို မြင်ရတော့ သူတို့နှစ်ယောက်စလုံး အနည်းငယ် မနာလိုဖြစ်ကာ ဝမ်းနည်း နာကျင်မိသည်။
သူတို့၏ ကျန်ရှိနေသေးတဲ့ ဘဝကို ဒီလိုသာ ဆက်လက် ဖြတ်သန်းရမယ်လို့ သူတို့ ထင်ခဲ့ကြပေမယ့် ရုတ်တရက် အပြောင်းအလဲတစ်ခု တွေ့ကြုံရလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ သူတို့ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားပဲ နေမှာတဲ့လဲ။
