အခန်း (၂၀၃)
မူလဇာတ်ကြောင်း ပြောင်းလဲသွားတယ်
စုယန်ယန်သည် ရှားကျွင်းရှန့် ပြောသည့် အကြောင်းကို ကြားပြီးနောက် သူမ မျက်ဝန်းများမှာ အနည်းငယ် မှေးမှိန်သွားပြီး အသံ တိုးတိုးလေးဖြင့် မေးလိုက်သည်။
"ဝမ်ကျင့်ဖျင်ဘက်က ရပ်တည်ပေးတဲ့ အမျိုးသမီး အနုပညာရှင် နာမည်က ဘာလဲ"
"အစ်ကို ကြားတာတော့ သူမက စစ်မုန့်ယွီတဲ့"
"စစ်မုန့်ယွီလား" စုယန်ယန်၏ မျက်ဝန်းလေးများ အနည်းငယ် တောက်ပသွားသည်။
"သူမလည်း ထိပ်ဆုံး အယောက် နှစ်ဆယ်ထဲမှာ ပါလား"
"အင်း ပါတယ်လေ" ရှားကျွင်းရှန့်သည် အသိဉာဏ် နည်းပါးသူ မဟုတ်တာကြောင့် စုယန်ယန်၏ အမေးကို ကြားလိုက်သည်နှင့် ချက်ချင်း နားလည် သဘောပေါက် သွားသည်။
"အဲ့ဒီ မတော်တဆမှုကို ညီမလေး သံသယ ရှိနေတာလား..."
စုယန်ယန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူ့အမေးကို တိုက်ရိုက် ပြန်မဖြေခဲ့ဘူး။
စုယန်ယန်သည် ယိုယွီရှစ်ဆိုသည့် နာမည်ကို ကြားတော့ အနည်းငယ် ရင်းနှီးနေသလို ခံစားရတယ်၊ အခု သူမ စစ်မုန့်ယွီဆိုသော နာမည်ကိုပါ ထပ်ကြားခဲ့ရပြီး သူမတို့ နှစ်ယောက် ထိပ်ဆုံး အယောက်နှစ်ဆယ် စာရင်းဝင် ဆိုတာကို သိလိုက်ရတော့ စုယန်ယန်သည် ယခင်ကထက် ပိုသေချာ လာခဲ့သည်။
သူမ အရင်ဘဝတုန်းက ဒီအဖြစ်အပျက်ကို မကြုံတွေ့ခဲ့ ရသော်လည်း သူမကို စနစ်က ပေးသော မူရင်းစာအုပ်ထဲတွင် ဒီအကြောင်းအား ဖော်ပြထားခဲ့သည်။
စစ်မုန့်ယွီသည် အစစ်အမှန် ပင်ကို စွမ်းရည်ပြိုင်ပွဲမှာ ဝမ်ကျင့်ဖျင်၏ ပထမဆုံး သူငယ်ချင်းဖြစ်သည်။ သူမသည် ဖြောင့်မတ်ပြီး သစ္စာရှိသူ ဖြစ်သည်။ စကားအသုံးအနှုန်း ကောင်းကောင်းဖြင့် ပြောရရင် သူမက နုံအသည်။ ပွင့်ပွင့်လင်းလင်း ပြောဆိုသည့် စကားအသုံးအနှုန်းနှင့် ပြောဆိုရမည်ဆိုရင် သူမက ရိုးသားပြီး အနည်းငယ် မိုက်မဲသည်။
ဝမ်ကျင့်ဖျင်သည် သူမ၏ စိတ်နေစိတ်ထားကို တစ်ချက် ကြည့်ရုံဖြင့် မှန်းဆနိုင်ပြီး စစ်မုန့်ယွီကို သူမဘက်မှ ယဉ်ကျေး သိမ်မွေ့ပြီး ဖော်ရွေသော အသွင်အပြင်ဖြင့် ချဉ်းကပ်ခဲ့ သောအခါတွင် စစ်မုန့်ယွီက သူမအပေါ် အလွန် ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။
![](https://img.wattpad.com/cover/342147150-288-k479399.jpg)