အခန်း (၃၀၁)
- အထူး ကထိက
ဖမ်းကျားကျစ်၏ မျက်နှာသည် ဖြူဖျော့သွားကာ ကပ်ဘေးကြီးမှ လွတ်မြောက်ခဲ့သည့် သူ့စိတ်ထဲတွင် ထိတ်လန့်မှုနှင့် ပျော်ရွှင်မှု အနည်းငယ်ပါ ရောစွက်နေခဲ့သည်။
"ရှင့်ရဲ့လည်ပင်းတောင့်တင်းမှုက အဓိကအားဖြင့် ပုံမှန်မဟုတ်တဲ့ အိပ်စက်ပုံအနေအထားနဲ့ ခေါင်းအုံးပြဿနာကြောင့်ပါ။ ရှင် နောက်တစ်ခါ ထပ်မဖြစ်ချင်ဘူးဆို နောင်မှာ သေချာ သတိထားပါ။"
ဖမ်းကျားကျစ်သည် ဖြူဖျော့နေသော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် ဒီနေ့ပြီးလျှင် 'ခေါင်းအုံး' ဆိုတဲ့ စကားလုံးဟာ သူ့အတွက် စိတ်ဒဏ်ရာ ဖြစ်သွားစေလိမ့်မယ်လို့ ခံစားလိုက်ရပါသည်။
အထိတ်တလန့်ဖြစ်ပြီးနောက် လူတိုင်းသည် စုယန်ယန်၏ စွမ်းရည်နှင့် ပတ်သက်၍ သံသယများ မရှိကြတော့ပေ။
စုယန်ယန်သည် ရှုယန်ကျွင်းအတွက် ဆေးဖက်ဝင် ဟင်းလျာ အစုံအလင်ကို ပြင်ဆင်ပေးရန် မီးဖိုချောင်ကို လှမ်းအကြောင်းကြားခဲ့ပြီး ဒီဖက်သို့ ပြန်လှည့်လိုက်ချိန်တွင် ယဲ့ချီလျန့်ရဲ့ စိတ်နှင့်လူနှင့်မကပ်သည့် အမူအရာကို မြင်တွေ့လိုက်တော့ သူမ ထိတ်လန့်သွားခဲ့ရသည်။
စုယုရွှမ်နှင့် ချိန်ကျွင်းဟောက်တို့သည် စိုးရိမ်ကြောင့်ကြလျက် ရှိသောကြောင့် ဘေးနားတွင် နံရံကပ်ပန်းပွင့်များအဖြစ် ပြုမူကာ ရှိနေခဲ့ကြသည်။ သူတို့ညီမလေး (တူမလေး) ဟာ အရင်က မကြားဖူးတဲ့ ထူးဆန်းတဲ့ စွမ်းရည်တွေကို သင်ယူခဲ့တာကို သူတို့တောင် မသိခဲ့ကြဘူး။
ဒီမြင်ကွင်းကို မြင်တော့ သူတို့က မျက်မှောင်ကြုတ်သွားကြသည်။ သူတို့က စုယန်ယန်ရဲ့ ဘေးတစ်ဖက်စီမှာ ဝန်းရံထားပြီး ထူးဆန်းတဲ့ အဖိုးအို ယဲ့ချီလျန့်က စုယန်ယန်ကို ထူးဆန်းတဲ့ အရာတစ်ခုခု မပြုလုပ်မိအောင် ကာဆီးထားခဲ့ကြသည်။
ယဲ့ချီလျန့်သည်လည်း သူ့ရဲ့ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို သဘောပေါက်လိုက်သည်။ သူက ခပ်ဖွဖွ ချောင်းဆိုးလိုက်ပြီး သူ့လက်တွေကို ပွတ်သပ်လိုက်သည်၊ "အဖိုးမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ အဖိုး နည်းနည်းလေး စိတ်လှုပ်ရှားသွားလို့ပါ။ အဖိုးဆီမှာ ဆရာမစုရဲ့ အကူအညီကို တောင်းစရာ တစ်ခု ရှိတယ်"
