240 01
အခန်း (၂၄၀)
ကျေးဇူးပြုပြီး အန်ကယ်လေးကို အပ်စိုက်ပေးနိုင်မလား
ကုကျားမိန်သည် အပ်တွေကို မြင်လိုက်ရသည်နှင့် တစ်ခါတည်း ငြင်းဆိုခဲ့သည်။ သို့သော် သူမ၏ ဝမ်းဗိုက်ဟာ အမှန်တကယ် အဆင်မပြေ သောကြောင့် နောက်ဆုံးတွင် သူမဟာ ညှိနှိုင်းပြောဆိုရန် ရွေးချယ်ခဲ့သည်။
"ဒါက... တကယ် မနာဘူးလား"ကုကျားမိန်သည် သူ့ခင်ပွန်းသည်၏ လက်ကို တင်းကျပ်စွာ ဆုပ်ထားရင်း သူမမျက်နှာဝယ် တုန်လှုပ် ချောက်ချားနေသည့် အမူအရာတွေ ပြည့်နှက်နေခဲ့သည်။
"စိတ်မပူပါနဲ့။ ဒါက တကယ် မနာဘူး။ တကယ်လို့ မင်း ကြောက်တယ်ဆိုရင်၊ ကိုယ့်ပခုံးပေါ် မှီထားလိုက်။ ကိုယ် မင်းကို ကွယ်ပေးထားမယ်။ မင်း ဒါကို မမြင်ရဘူးဆိုရင် မင်း ကြောက်မှာ မဟုတ်ဘူး"ဖန်းဝေ့မင်ဟာ သူ့ဇနီးသည်၏ ခေါင်းလေးကို ဆွဲယူပြီး သူမမျက်နှာကို သူ့ပခုံးပေါ်တွင် မျက်နှာအပ်စေသည်၊ သူမ အပ်စိုက်နေတာကို ကြည့်ခွင့်မပေးချေ။
စုယန်ယန်သည် သူတို့နှစ်ဦး၏ ရှိန်စရာကောင်းသည့် ရန်သူတစ်ဦးနှင့် ထိပ်တိုက် ရင်ဆိုင်နေရသလို အသွင်သဏ္ဌာန်ကို ကြည့်ပြီး အနည်းငယ် ရယ်ချင်လာသလို ခံစားလိုက်ရသည်။
အပ်စိုက်ကုထုံး အပ်စိုက်ရမည့် အမှတ် တည်နေရာသည် ခြေချင်းဝတ် အထက် သုံးလက်မအကွာ ခြေသလုံးရိုး နောက်ကျောဘက်တွင် တည်ရှိသည်။
သာမန်လူများ အနေဖြင့် လူနာ၏ အပ်စိုက်အမှတ်ကို တိုင်းတာရန် လက်လေးချောင်း အသုံးပြုရန် လိုအပ်သော်လည်း စုယန်ယန်ကမူ အကြည့်တစ်ချက်ဖြင့် ပြောနိုင်သည်။ ကုကျားမိန်က သူမခေါင်းကို လှည့်သွားတာနဲ့ စုယန်ယန်က အပ်စိုက်လိုက်သည်။
အပ်စိုက်အမှတ်သို့ အပ်စိုက်ပြီး စက္ကန့် အနည်းငယ် ကြာပြီးနောက် ကုကျားမိန်၏ အာရုံကြောတွေဟာ တဖြည်းဖြည်း ပြေလျော့ လာသည်။
"ဘယ်လိုနေလဲ။ မသက်မသာ ဖြစ်သလို ခံစားရတုန်းလား"
ကုကျားမိန်က သူမ၏ ဝမ်းဗိုက်ကို မသိစိတ်အရ ပွတ်သပ် လိုက်မိသည်။ "ဒါက... ထင်သလောက် မနာပါဘူး"
