262 01
အပိုင်း (၂၆၂)
ကျွန်မက ရှင့်အပိုင်လေ
ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ မမျှော်လင့်ထားသည့် မေးခွန်းကြောင့် ဆွံ့အသွားသည်။ သူ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကိုတောင် မသိတော့ပေ။
စုယန်ယန်သည် ဆေးရည်များကို အချိုးကျ ရောစပ်ပြီးပြီ ဖြစ်သည်။ သူမ လှည့်ကြည့်သည့် အချိန်တွင် ဟောက်ချန်ဟွမ်း တစ်ယောက် ထိုင်မြဲ ထိုင်ဆဲ ဖြစ်နေတာကို မြင်လိုက်ရသည့်အတွက် တခစ်ခစ် ရယ်မောလိုက်သည်။
"ရှင် ကိုယ့်ဖာသာကိုယ် လုပ်လို့ အဆင်မပြေဘူးလား။ ကျွန်မ ရှင့်ကို ကူညီပေးပါရစေ"
ဟောက်ချန်ဟွမ်း တစ်ယောက် အိပ်မက်မှ နိုးထလာပုံ ရသည်။ သူက ရှက်ရွံ့စွာ ပြောသည်၊ "မလိုဘူး၊ ကိုယ် ကိုယ်တိုင်ပဲ လုပ်လိုက်မယ်"
"ရှင်က အရမ်း နှေးလွန်းတယ်။ ကျွန်မ ရှင့်ကို ကူညီလုပ်ကိုင် ပေးပါရစေ"
ဟောက်ချန်ဟွမ်း, "..."
စုယန်ယန်သည် သူ၏ ခုခံလိုမှုကို သတိပြုမိပြီး သူ့ကို နောက်ပြောင်ခဲ့သည်။
"ဒါမှမဟုတ် ရှင် ရှက်နေလို့လား"
ဟောက်ချန်ဟွမ်းတစ်ယောက် ဘာမှ ပြန်မပြောပေမယ့် သူ့နားရွက်လေးတွေက အနီရောင် ပြောင်းသွားသည်။
စုယန်ယန် တစ်ယောက်ကတော့ အပြုံးရိပ်ဟာ မျက်ဝန်းသို့ ရောက်သည်အထိ ပျော်ရွှင်ကြည်နူးနေပြီး တခစ်ခစ် ရယ်လိုက်သည်။
"ကျွန်မတို့က ဇနီးမောင်နှံတွေပဲလေ။ ရှင့်ရဲ့ ဘယ်အပိုင်းကိုများ ကျွန်မ မကြည့်နိုင်မှာလဲဟင်"
ဟောက်ချန်ဟွမ်း "..." သူမ ပြောသည့် စကားက မမှားသော်ငြား သူတို့၏ နေရာတွေများ လွဲသွားတာလား။
အဆုံး၌ ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ စနောက်ကျီစယ်မှု မခုခံနိုင်တော့ပဲ သူမ၏ တောင်းဆိုမှုကို တုံ့ဆိုင်းစွာ သဘောတူ ပေးလိုက်သည်။
ဟောက်ချန်ဟွမ်းသည် ဒီနေ့မင်္ဂလာပွဲတွင် အနောက်တိုင်း ဝတ်စုံ အဖြူရောင်ကို ဝတ်ဆင်ထားပြီး အောက်ခံ အင်္ကျီအရောင်ကလည်း အဖြူရောင် ရှပ်အင်္ကျီပင် ဖြစ်သည်။
