237 01
အခန်း (၂၃၇)
အမျိုးသားရဲ့ ပြဿနာက ပိုပြင်းထန်တယ်
"ယန်ယန်၊ သမီးကို အန်ကယ်လေး မိတ်ဆက်ပေးမယ်။ ဒါက အန်ကယ်လေး သမီးကို အရင်က ပြောပြဖူးတဲ့ ဦးလေးဖန်းနဲ့ အန်တီကုပဲ"
ချိန်ကျွင်းဟောက်က သူတို့ကို အိမ်ထဲသို့ ခေါ်သွားပြီး စုယန်ယန်နှင့်မိတ်ဆက်ပေးသည်။ "လူအိုကြီးဖန်း၊ ခယ်မလေး၊ ဒါက ငါ့တူမလေးပဲ"
ချိန်ကျွင်းဟောက် ဒီကို ရောက်မလာခင်မှာ သူက သူ့တူမလေးက အသက်ငယ်ကြောင်း သူတို့နှစ်ယောက်ကို ပြောခဲ့ဖူးသည်။ သို့သော် သူတို့ စုယန်ယန်ကို တကယ် မြင်တွေ့ရသော အခါတွင် သူတို့ ထင်ထားတာထက် ပိုငယ်နေကြောင်း ခံစားနေရသေးသည်။
စုယန်ယန်သည် သူတို့၏ အမူအရာကို မြင်လိုက်သည်နှင့် သူတို့ ဘာတွေးနေလဲ ဆိုတာကို တန်းသိလိုက်သည်။ သူမက အပြုံးလေးဖြင့် "မင်္ဂလာပါ၊ ဦးလေးနဲ့ အန်တီ၊ ဦးလေးတို့က သမီးအန်ကယ်လေးရဲ့ မိတ်ဆွေတွေပေါ့။ စိတ်မရှိဘူးဆိုရင် သမီးကို ယန်ယန်လို့ ခေါ်လို့ ရပါတယ်"
"ကောင်းပါပြီ၊ ကောင်းပါပြီ" စုယန်ယန်၏ စကားအပြောအဆို ချိုသာမှုကြောင့် သူတို့နှစ်ယောက်စလုံး အနည်းငယ် စိတ်သက်သာရာ ရသွားစေခဲ့ကာ စေ့စေ့စပ်စပ် စဉ်းစားပြီးနောက် ကုကျားမိန်က "ရွယ်ရူရဲ့ ကိုယ်ဝန်က သမီးကြောင့် ရခဲ့တာလို့ သမီးအန်ကယ်လေး ပြောတာကို ကြားခဲ့ရတယ်။ အန်တီတို့ ဒီနေ့ ဒီကို ရောက်လာတာက အန်တီတို့ နှစ်ယောက်လည်း..."
"သမီး သိပါတယ်။ ဒီမတိုင်ခင်က အန်ကယ်လေးက သမီးကို ပြောဖူးတယ်။ ကလေးမရနိုင်တဲ့ အကြောင်းရင်းတွေက အများကြီး ရှိတယ်။ လူနာကို လူချင်း မတွေ့ဆုံခင်မှာ ကုသနိုင်ပါ့မလား ဆိုတာ သမီး သေချာပေါက် မပြောနိုင်ဘူး"
"ဒါဆို အခု..."
"အရင်ဆုံး ထိုင်ပါဦး"
စုယန်ယန်က သူတို့နှစ်ယောက်ကို ထိုင်စေလိုသည့်ဟန် လက်ဟန် ပြလိုက်သည်။ ထို့နောက် သူမက ဖန်းဝေ့မင်ကို ပြောလိုက်သည်။
"ဦးလေးဖန်း၊ ဦးလေးလက်ကို စားပွဲပေါ် တင်ပေးပါလား"
"ဦးလေးလက်လား"
