အခန်း (၂၇၆)
သူ ငါ့အမျိုးသမီးကို လာမထိသင့်ဘူး
စုယန်ယန်က စားစရာတွေ အများကြီး ပြင်ဆင်ထားသည်။ သူတို့ လူနည်းစုအတွက် လုံလောက်သည်ထက် ပိုနေမည်ဟု သူမ ထင်ခဲ့သည်။ သို့သော်လည်း ဤလူအုပ်စု၏ စားသောက်ပုံသည် ငတ်မွတ်နေသော သူများကဲ့သို့ ဖြစ်လိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ သူတို့သည် စားစရာ မကုန်မခြင်း မရပ်တန့်ခဲ့ကြဘူး။
အဆုံးမှာတော့ ဟောက်ချန်ဟွမ်းနှင့် သူမမှ လွဲ၍ ဦးလေးကျန်း အပါအဝင် ကျန်တဲ့လူတိုင်း ဗိုက်ပြည့်တင်းအောင် စားသောက်ခဲ့ကြသည်။
လင်းရှောင်ချီးသည် သူမ၏ ဗိုက်လုံးလုံးလေးကို ကိုင်ထားရင်း စုယန်ယန်ကို လမ်းလျှောက်ရန်အတွက် အိမ်နောက်ဘက်ရှိ ဝင်းငယ်လေးဆီသို့ ဆွဲခေါ်သွားခဲ့သည်။ ကျိုးယန်ပိုင်နှင့် ကုရှောက်ယန်တို့က ဟောက်ချန်ဟွမ်းနှင့် အိမ်အပေါ်ထပ်သို့ လိုက်ပါသွားခဲ့ကြသည်။
သူတို့နှစ်ယောက် အခုနတုန်းက ပြောခဲ့တာတွေက အကြောင်းပြချက်ချည်းပဲ လုံးဝ မဟုတ်ပါဘူး။ သူတို့မှာ ဟောက်ချန်ဟွမ်းကို သတင်းပို့စရာ တစ်ခု ရှိတယ်။ ဒါပေမယ့် ယုကျစ်ယန်က သူတို့ဆီ လှမ်းမခေါ်ခဲ့ဘူးဆို သူတို့ စောစောစီးစီး တတိယဘီးတွေ ဖြစ်မှာ မဟုတ်ဘူး။
"ဟောက်ချီဟန်တို့ လင်မယားက မနေ့ညက အမျိုးသမီးကြောင့် ဟောက်ရှောက်ဖုန်း ရေထဲကျသွားတာကို သိသွားကြတယ်။ သူတို့ ဆေးရုံမှာ ဒေါသထွက်ပြီး ပစ္စည်းတော်တော်များများ ရိုက်ချိုးခဲ့တယ်လို့ ပြောတယ်"
"သူ ပေးချေခဲ့လား"
ကုရှောက်ယန်တစ်ယောက် နဝေတိမ်တောင် ဖြစ်သွားသည်။
"ဘာကိုလဲ"
"သူ ဆေးရုံမှာ တစ်ခုခုကို ရိုက်ချိုးခဲ့တယ်ဆိုတော့ သူ အဲ့ဒီအတွက် ပေးချေခဲ့လား"
ဒါကိုကြားတော့ ကုရှောက်ယန် တစ်ယောက် နှလုံးခုန်နှုန်း မြန်ဆန်သွားသည်။ သူ့သခင်လေးသည် အိမ်ထောင်ပြုပြီးနောက် သူ့ ပုံစံတစ်ခုလုံး ပြောင်းလဲသွားသည်ကို သူ သဘောပေါက် သွားခဲ့သည်။