အခန်း (၂၈၇) – ကြေကွဲစရာပဲ
ဟွားဟွားက ဒီအကြံကို မကန့်ကွက်ပေမယ့် သူမသည် သွမ်းသွမ်း အနားသို့ ခဏခဏ ကပ်လာကာ ခေါင်းကို ထုရိုက်လိုက်သည်။
ရူးကြောင်ကြောင်ကောင်လေး "???"
စုယန်ယန်သည် သူတို့နှစ်ကောင် ထွက်သွားတာကို ကြည့်နေပြီး အချိန်အတော်ကြာ မကြည့်မလွဲနိုင်ခဲ့ပေ။
ဒါကို ဟောက်ချန်ဟွမ်းက မြင်တော့ အသံတိုးတိုးနဲ့ မေးလိုက်လေသည်၊ "မင်း သည်းမခံနိုင်ဘူးလား။"
စုယန်ယန်က ခေါင်းခါလိုက်သည်။ "သူက နဂိုတည်းက ရူးကြောင်ကြောင်လေး ဖြစ်နေပြီးသားလေ။ ဒီလိုမျိုးအရိုက်ခံနေရတော့ ပြန်လာတဲ့အခါ ပိုဆိုးသွားမှာကို ကျွန်မ စိုးရိမ်နေတယ်။"
ဟောက်ချန်ဟွမ်း၊ "..."
"သူ ပြန်မလာတော့ဘူးလို့ မင်း ဘယ်တုန်းကမှ မတွေးခဲ့ဘူးလား။"
စုယန်ယန်တစ်ယောက် ပြောစရာစကား ပျောက်ရှသွားသည်။
လင်းရှောင်ချီးနှင့် ကျန်သူများ ထွက်ခွာသွားပြီးသည်နှင့် တပြိုင်နက် ကြီးမားသော အိမ်ကြီးသည် ဗလာဖြစ်သွားပြီး လူသူတိတ်ဆိတ်သွားသည်။
စုယန်ယန်က ဟောက်ချန်ဟွမ်း၏ ဘီးတပ်ကုလားထိုင်ကို အပေါ်ထပ်သို့ တွန်းတင်ပေးရင်း ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်၊ "ရှောက်ယန်နဲ့ ကျန်သူတွေ ရှင့်ကို ဒီအချိန်ကြီး ဘာဖြစ်လို့ လာရှာတာလဲ။ ကုမ္ပဏီမှာ အရေးကြီးတဲ့ကိစ္စ တစ်ခုခု ဖြစ်နေလို့လား။"
သူမသည် ထိုအကြောင်းကို တွေးပြီး ယခုအချိန်ခါမျိုးမှာ သူတို့နှစ်ယောက် အလည်အပတ် ရောက်ရှိလာသည့်အတွက် တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားမိနေဆဲ ဖြစ်သည်။ အိမ်ထောင်သက် ၂ရက်သာ ရှိသေးသည့်အတွက် အရေးကြီးတဲ့ကိစ္စ ဘာမှမရှိဘူးဆိုရင် သူတို့နှစ်ယောက်က လာနှောင့်ယှက်မှာ မဟုတ်လောက်ဘူး။
ထို့အပြင် ဟောက်ချန်ဟွမ်းက ဟောက်ချီဟန်ကို အခုလေးတင် ပြောခဲ့တဲ့ စကားကိုလည်း သူမ ဂရုစိုက်နေခဲ့သည်။
"ဘာမှ မဟုတ်ပါဘူး။" ထို့နောက် စုယန်ယန်က သူ့ပြောစကားကို မယုံကြည်မှာ စိုးရိမ်ပုံပေါ်ကာ "သူတို့က မင်းချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို စားချင်လို့ ဒီလို ရောက်လာကြတာ" လို့ ထပ်ပြောခဲ့သည်။
