Episode 1

3.5K 94 2
                                    

Uni

အပြာနုရောင်ဆေးသုတ်ထားသော အခန်းတစ်ခန်းနှင့် နီညိုရောင် ကျွန်းတံခါးချပ်ကြီးတစ်ခု။ ပတ်ဝန်းကျင်သည် ရာပေါင်းများစွာသော လူတို့၏ အသံဖြင့် ကြွပ်ကြွပ်ညံလျက်ရှိသည်။ မနက်ခင်းနေရောင်ခြည်သည် အခန်းတံခါးနီညိုရောင်ထံသို့ အလင်းတန်းအသွင်ဖြင့် ခပ်ဖျဖျ ကျဆင်းနေသည်က တံခါးချပ်ကြီး ပွင့်လာမည်ကို ငံ့လင့်နေသည့်အလား။

'ကလစ်'ဟူသည့်အသံတိုးတိုး ကြားလိုက်ရသည်။ တံခါးကြီး၏ လက်ကိုင်ဘုသည် အထဲက တစ်စုံတစ်ယောက်၏ လှည့်ဖွင့်ခြင်းကို ခံလိုက်ရသည့်အလား လည်လာသည်။ ထို့နောက် ခိုင်မာလှသော ထိုတံခါးချပ်ကြီးသည် ခပ်ဟဟမျှ ပွင့်သွားလေသည်။ ပြီးသည်နှင့် အထဲမှ ထွက်လာသော ခြေထောက်အစုံ။

ညိုဝင်းသော အသားရည်ရှိသည့် ခြေဖမိုးပြည့်ပြည့်တို့နှင့် သားရေဖိနပ်အမည်းရောင်က လိုက်ဖက်လှသည်။ ထိုသည်၏ အထက်တွင်တော့ ကျောင်းစိမ်းလုံချည်အသစ်၏ အဖျားစကလေးက ဝဲကျနေသည်။ မည်းနက်ကာ အပြားလိုက်ဖြစ်တည်နေသည်ဟု ထင်ရသော မျက်ခုံးတို့က သူ၏ အောက်ဘက်ရှိ မျက်ဝန်းစူးနက်နက်တို့အား ထောက်ပံ့ပေးနေသည်။ တိုတုတ်တုတ်ညှပ်ထားသော ဆံပင်နက်နက်တို့က ရှင်းသန့်နေသည့် ကျောင်းသားတစ်ယောက်အသွင်ကို ပီပီပြင်ပြင်ပံ့ပိုးသည်။

သူသည် အခန်းမှ ထွက်လိုက်သည်နှင့် မျက်နှာချင်းဆိုင်ရှိ ဝရန်တာလက်တန်းဆီသို့ ခြေလှမ်းမိသည်။ ထို ဝရန်တာ လက်တန်းမှ ငုံ့ကြည့်လိုက်လျှင် မြက်ပင်မရှိ၊ ပြောင်ရှင်းနေသော မြေပြင်ကို မြင်ရသည်။ ထိုမြေပြင်၏ အရှေ့တွင်တော့ ခိုင်ခံ့ထည်ဝါစွာ ကာရံထားသည့် အုတ်တံတိုင်း ခပ်ကြီးကြီး။

ထောင့်နှစ်ဖက်တွင် မန်ကျည်းပင်နှစ်ပင်ရှိကာ ထိုမှ အရိပ်ကြီးကြီးတို့က ဝရန်တာမှာ ရပ်နေသည့်သူ့အား နေရောင်ဆီမှ ကာကွယ်ပေးနေသည့်ဟန်။ သူ ခေါင်းကို မော့ကြည့်လိုက်သည်။ မန်ကျည်းရွက် ကျိုးတိုးကျဲတဲကြားမှ ကြည်စင်နေသော ကောင်းကင်ပြာကြီးကို မနာလိုဖွယ်ရာတွေ့ရသည်။ ထိုကောင်းကင်ပြာကတော့ သူ့လို ပင်ပန်းတကြီး ကြိုးစားနေရခြင်း မရှိ။

Love Like Heaven (Completed)Where stories live. Discover now