Episode 107

157 17 21
                                    

Uni

ဦးလေးထွန်းသည် ရုံးဆင်းခါနီး၌လိုတ၏ ပုခုံးကိုပုတ်ကာ စကားပြောခဲ့သည်။

"ငါ့တူကို အကုန်လွှဲလိုက်ပြီနော်။ မနက်ဖြန်ကစပြီး ဦးလေးက နားရတော့မယ်။ မင်း ကောင်းကောင်းလုပ်နိုင်မယ်လို့ ငါယုံပါတယ်။ တစ်ခုခု မသိတာရှိရင်လည်း ဖုန်းဆက်ပြီးလှမ်းမေးလိုက်။ အချိန်မရွေးပြန်ဖြေပေးမယ်။ နောက်ပြီး မန်နေဂျာတွေကိုလည်း မင်းကို ဂရုစိုက်ဖို့ ငါအပ်ပေးထားခဲ့တယ် သိလား"

လိုတရ ကံကောင်းပါသည်။ လူဆိုးတွေများနေသည့် လောကကြီးမှာ ဦးလေးထွန်းလို လူတစ်ယောက်နှင့် တွေ့ခွင့်ရသည့်အတွက် သူကံကောင်းသည်။ ဦးလေးထွန်းက သူသိသမျှကို တစ်လုံးမကျန် အကုန်သင်ပေးခဲ့သည့်အပြင် အစစအရာရာ ကူညီသွားခဲ့တာဖြစ်သည်။ ရက်ပိုင်းလေးပဲ ခင်မင်ဖူးတာဖြစ်သည့် သူစိမ်းတစ်ယောက်အနေနဲ့ ဒီလောက်ကောင်းပေးတယ်ဆိုတာ လိုတရအဖို့ တကယ် ကျေးဇူးတင်လို့ မဆုံးနိုင်အောင်ဖြစ်ရသည်။

"ဟုတ်ကဲ့ သားကို စိတ်ချပါဦးလေး။ သား အကောင်းဆုံးကြိုးစားပါ့မယ်"

ဦးလေးထွန်းမရှိသည့်နေ့ရက်များကို ကြိုတွေးကာ လိုတ ထိုနေ့က အသံတုန်နေခဲ့သည်။ အမြဲခပ်ပြုံးပြုံးနေတတ်သော ဦးလေးထွန်းက ထိုကျမှ မျက်နှာကို ချက်ချင်းတည်ပစ်ကာ

"ဘာလို့ အသံက တုန်နေတာလဲ။ မင်းပဲ ယုံကြည်မှုရှိတယ်ဆိုပြီး ငါ့ကို ပြောခဲ့တာမဟုတ်ဘူးလားကွ။ ယောကျ်ားစကားအတိုင်း နေစမ်းပါ"

"ဟုတ်ကဲ့ပါ ဦးလေးထွန်း သား မကြောက်ပါဘူး"

ခပ်မာမာပြောလာသည့် ဦးလေးထွန်းစကားကို ယုံကြည်ချက်အပြည့်နှင့် ပြန်ဖြေတော့မှ ဦးလေးထွန်းက စိတ်ချသလိုပြုံးရင်း လှည့်ထွက်သွားတာဖြစ်သည်။ ဒီနေ့ကတော့ လကုန်ပြီး ဂျူလိုင်လ၏ ပထမရက်ဖြစ်သည်။ မိုးရာသီအတွင်း ချဉ်းနင်းဝင်ရောက်လာသည်နှင့်အမျှ မိုးက လစ်ရင်လစ်သလို ရွာချင်သည်။ ဒီတော့လည်း ထီးရှည်ကြီးတစ်ချောင်းကိုင်ရင်း ဘတ်စ်ကားတိုးစီးရသည့် ဒုက္ခက လွယ်လွယ်ကူကူမဟုတ်။

ထိုင်ခုံရလို့သာ တော်သေးသည်။ ထိုင်ခုံဘေး မှန်ပြတင်းပေါက်ဆီသို့ လာမှန်သည့် မိုးရေစက်များက တစ်ပေါက်ပြီးတစ်ပေါက်။ လိုတရ ထိုမြင်ကွင်းကို ငေးနေမိသည်။ မှန်ကို ထိကြည့်လိုက်သည့်အခါ အပြင်ကရနေသည့် အအေးဓာတ်က အထဲအထိပါ စိမ့်ဝင်နေသလားဟု သံသယဖြစ်ရသည်။

Love Like Heaven (Completed)Where stories live. Discover now