Episode 151

178 17 14
                                    

Uni

"သတို့သားနဲ့ သတို့သမီးရောက်လာပြီတဲ့"

ခန်းမထဲမှာ တိုးကျိတ်ကျိတ်အသံတွေနဲ့အတူ အဝင်ပေါက်ဘက် လှည့်ကြည့်ကြသော ခေါင်းတွေနှင့် ပြည့်နှက်သွားသည်။ အပြင်ဘက်မှာတော့ လှလှပပ ပြင်ဆင်ထားသည့် အဖြူဆွတ်ဆွတ်မင်္ဂလာကားကြီးက ရပ်တန့်လာသည်။ နှစ်ဖက်မိဘနဲ့တကွ လိုတတို့ပါ ထိုကားအနားသို့ ရောက်သွားကြသည်။ ကားတံခါးကိုဖွင့်ကာ အရင်ဆင်းလာသူက ခန့်မင်း။

သူက အဖြူစွတ်စွတ်လည်ကတုံးနှင့် တိုက်ပုံကို ဝတ်ဆင်ထားသည်။ ပုဆိုးသည်တောင်မှ အဖြူပေါ်တွင် ချိတ်တချို့တင်ထားသည့် ပုဆိုးသာဖြစ်သည်။ မင်္ဂလာဆောင်သာမဟုတ်လျှင် ခန့်မင်းကျော်က ပုဆိုးမှာ ချိတ်ပါနေတဲ့အကြောင်း သူတို့ကို နားပူနားဆာလုပ်ကာ ညည်းညူပြပေလိမ့်မည်။ အခုတော့ အရမ်းကိုပျာယာခတ်နေသည့် သတို့သားကြီးက သူငယ်ချင်းတွေကိုရော မိဘတွေကိုပါ ပြုံးမပြအား။ ကား၏ ဟိုတစ်ဖက်ကို အလျှင်အမြန်သွားကာ သူ့သတို့သမီးကို တံခါးဖွင့်ပေးဖို့ပဲ ပျာယာခတ်နေသည်။

"Come Down my princess"

ခန့်မင်းကျော်က ကားတံခါးကိုဖွင့်ရင်း တီးတိုးကျီစယ်သည်။ ကားထဲက သက်လျာက ထွက်မလာခင် ပါးစပ်ကို လက်အုပ်ကာ ရယ်၏။ အဖြူရောင်ကတ္တီပါဖိနပ်မြင့်မြင့်က လှလှပပထိုးရက်ထားသော ချိတ်ကောက်ကြောင်းတွေနဲ့ စီစီရီရီပြည့်နှက်လျက်ရှိသည်။ သက်လျာက ကားအမြင့်ကြီးပေါ်မှ ခန့်မင်း၏လက်ကို ကိုင်ဆင်းလာကာ အားလုံးကို မလုံမလဲနှင့်ရယ်ပြသည်။

သူသည်လည်း အဖြူရောင်ဝတ်စုံနဲ့ပင်ဖြစ်သည်။ ပိုးချည်နှင့်ပြုလုပ်ထားသော Blouseကို ရင်ခံလုပ်ကာ အပေါ်ကမှ ဇာပွင့်ကြီးများနှင့်အနားသတ်ထားသော ဖောက်ထွင်းမြင်ရသည့် ရင်ဖုံးတစ်ထည်ရှိသည်။ ရင်ဖုံးအနားသတ်များသည် ကြယ်ပုံစံရှိသော တလက်လက်တောက်ပနေသည့် ‌ဘော်ကြယ်များနှင့်ဖုံးအုပ်ခံထားရကာ မြင်ရသည်မှာ တစ်မျိုးလေး ဆန်းကြယ်နေသည်။

မတူကွဲပြားသည့် ပုံစံကို ပေါ်လွင်စေချင်၍ ထင်သည်။ ဒီဇိုင်နာသည် အဖြူဆွတ်ဆွတ်အရောင်ကိုသာ ထပ်တလဲလဲသုံးသည်။ အင်္ကျီမှ ဘော်ကြယ်များ ဇာပွင့်ကြီးများက တခြားအရောင်နှင့်သာဆို မျက်စိရှုပ်သွားနိုင်ချေရှိပေမဲ့ အခုတော့ မျက်စိလည်းအေးသလို ဆန်းလည်းဆန်းနေသည်။ ချိတ်ထဘီက အထူးတလည်ပြောစရာမရှိပေမဲ့ ခြုံပဝါက တကယ့်ကို အရှည်ကြီးဖြစ်သည်။

Love Like Heaven (Completed)Where stories live. Discover now