Episode 5

423 35 0
                                    

Uni

ရေချိုးပြီးသားမို့ လူက လန်းဆန်းလတ်ဆတ်နေ၏။ ဒါမှမဟုတ် ဘောင်းဘီတိုနဲ့ ရှိုးထုတ်ရလို့လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ဂိုက်ချိန်က ကျောင်းချိန်နဲ့မတူတာတော့ အမှန်ပင်ဖြစ်သည်။ ကျောင်းချိန်မှာ ယူနီဖောင်းဝတ်ရသည်။ အဖြူအစိမ်းကိုယ်စီနဲ့မို့ ဟိုဟိုဒီဒီ မျက်စိအပန်းဖြေစရာလေးတောင် မရှိခဲ့။ ဂိုက်ချိန်ကတော့ မတူပေ။ မိန်းကလေးဆိုလျှင် ထဘီနဲ့ ဘောင်းဘီအရှည်ပဲ ဝတ်ရမည်ဟု ပြဌာန်းထားပေမဲ့ သူတို့ယောကျ်ားလေးတွေအဖို့ကတော့ သတ်မှတ်ချက်မရှိ။ ဝတ်ချင်တာ ဝတ်နိုင်သည်။ တစ်ခုခုဝတ်လာဖို့သာ အရေးကြီးသည်။

ဒီတော့ ကိုယ်တိုင်လည်း ခပ်လန်းလန်းလေးတွေ ဝတ်ပြီး ရှိုးထုတ်နိုင်သလို ထဘီအဆင်လှလှလေးတွေနှင့် ယဉ်စစကလေး လှနေကြသော ကောင်မလေးတွေကိုလည်း စိတ်ကြိုက်ငမ်းနိုင်သေးသည်။ သူတို့ ၉တန်းတွေက မြေညီထပ်မှာ စာသင်ကြရတာမို့ လှေကားဘက်သို့ ထွက်သွားသည့် ၁၀တန်းမမတွေကို အားရပါးရ လိုက်ငေးနိုင်သေးသည်။ ၁၀တန်းမမတွေက သူတို့အတန်းထဲက ရွယ်တူကောင်မလေးတွေထက် ချောကြတာချည်းပင်။

မျက်လွှာလေးတွေကိုချ၊ ဆံပင်လေးတွေကိုသပ်ရင်း ထဘီအောက်က ခြေဖမိုးဝင်းဝင်းလေးတွေက လှမ်းသွားလိုက်တာများ ယဉ်ယဉ်ကလေး။ သူတို့၏ ငယ်ရွယ်နုပျိုလှသော နှလုံးသားများမှာ ထိုမမများ၏ ခြေလှမ်းအောက် မကြာခဏဆိုသလို အလဲလဲအပြိုပြိုဖြစ်ကုန်ကြရ၏။ ထို့ကြောင့် သူတို့ ဂိုက်ချိန်ကို အတော်လေးကြိုက်၏။ ၉တန်းပေမို့ တစ်နေ့တာသင်လိုက်သည့် စာတွေအကုန်ကျက်ပြီးလျှင် တာဝန်ကျေပြီဖြစ်သည်။ ဒါကြောင့် နေပျော်သည်။ လိုတတို့ ၉တန်းကျောင်းသားတော်တော်များများက ဂိုက်ချိန်ကိုတော့ မမုန်းကြ။

"လိုတရ"

လိုတ လှေကားပေါ်တက်သွားသည့် မမတွေကိုငေးရင်းမှ အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ခြူးဇာခြည်လွင်နဲ့ မိုးကြည်ကြည်ခိုင်ကိုတွေ့တော့ လိုတက စိတ်လိုလက်ရပြုံးပြလိုက်ကာ

"အေး ဘာဖြစ်လို့လဲ"

"လွင်ဟိန်း ဝမ်းလျှောလို့ဆို သက်သာသွားပြီလားဟဲ့"

Love Like Heaven (Completed)Donde viven las historias. Descúbrelo ahora