Uni
ပိုင်ဥာဏ် ကျူတိုရီရယ်ပြီးတော့ အခန်းပြင် ထွက်လာခဲ့လိုက်သည်။ ပြင်ညီနဲ့ပြန်ခေါ်နေပြီဆိုသော်လည်း ပြင်ညီက Botanyဆောင်ဘက်မှာမို့ သူ့အနားတွင်အချိန်ပြည့်မရှိပေ။ အခုလည်း ပိုင်ဥာဏ်မှာ တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေရပြန်သည်။
"ပိုင်ဥာဏ်"
အနောက်မှ ချွဲပျစ်ပျစ်အသံလေးအား ကြားလိုက်ရချိန် ပိုင်ဥာဏ် ပင့်သက်ကို ရှိုက်လိုက်မိသည်။ အဆောင်မတူတဲ့ သူငယ်ချင်းနဲ့ မတွေ့မိချိန်မှာ ဒီကောင်မလေးနဲ့ သူ အတော်ကြီးရင်းနှီးမိသွားပါ၏။ ထိုမှစ၍ တွဲသွားတွဲလာလုပ်မိကာ အခုထိ တောက်ကဲ့ကပ်သလို အကပ်ခံနေရပါ၏။ မနှစ်မြို့ဘူးတော့ မဟုတ်လှပါ။ သူမဘက်က သူ့အပေါ် စိတ်ရှိနေတာကိုလည်း သိပါသည်။ သို့သော် The Whole Queenက ချစ်တာခံရတယ်ဆိုပြီး မာန်မတက်မိသလို အဆင့်တက်ဖို့လည်း စိတ်ကူးမရှိပါ။ သူ့အလိုအရတော့ သူငယ်ချင်းလိုသာ နေချင်သည်။ သူလည်း သူ့လမ်းနဲ့သူ ကိုယ်လည်း ကိုယ့်လမ်းနဲ့ကိုယ်ပင်။ ရင်ခုန်စရာကောင်းလောက်အောင် လှပေမဲ့ နှလုံးသားက ချစ်မလာတာ သူလည်း ဘာမှမတတ်နိုင်။
"ပိုင်ဥာဏ် ငါ့ကိုစောင့်ဦး။ နင်ကလေ ခြေလှမ်းရှည်ကြီးနဲ့ အရမ်းလောတာပဲ"
စတွေ့တုန်းက မာနမျက်ဝန်းတွေနှင့် ခပ်ကြောကြော ကြည့်ခဲ့သူသည် ယခုကျပြန်တော့လည်း ချွဲကပ်နေပြန်ပါသည်။ တစ်ခါတစ်ခါ စတွေ့ခဲ့တုန်းက ပုံစံလေးကို ပိုင်ဥာဏ့် မျက်လုံးထဲ ပြန်ဖော်၍ မရတော့ပါ။ လူတွေက ပထမအမြင်တစ်ချက်နှင့် ဆုံးဖြတ်၍ မရဘူးဆိုတာ တကယ်မှန်သည်။ သူ ပထမဆုံး ရွှေရေးကဗျာကို တွေ့တုန်းက အတော်မာနကြီးပြီး အေးစက်စက်နေတတ်သည့် ကောင်မလေးဟု ထင်ခဲ့သည်။ ခပ်လုံးလုံးနှုတ်ခမ်းလေးများက ချိုချိုသာသာပြောတတ်မလားဟု တွေးမိလိုက်ပေမဲ့ တကယ်တမ်း ထင်မထားမိ။
အခုတော့ ကဗျာက သူကလွဲပြီး အကုန်လုံးကို မာနကြီးတတ်ပါသည်။ သူ့ကိုတော့ နှုတ်ခမ်းလုံးလုံးနီနီကလေးဆီမှ ချွဲနွဲ့သည့်စကားတွေ ထွက်လာတတ်သည်။ ဘယ်နေရာမဆို ဖျတ်လတ် တက်ကြွနေတတ်သော ကဗျာက သူ့အတွက်တော့ သွက်လွန်းသည်ဟုထင်သည်။ ဘာကြောင့်မှန်းမသိ။ စိတ်က ခံစားလို့မရ။ သူ့မျက်လုံးထဲမှာ လိုတရ၏ ကောင်မလေးကိုသာ သွားမြင်ယောင်မိသည်။ လိုတရကောင်မလေးက အေးအေးကလေး။ သူတော့ ထိုပုံစံမျိုးကို ပိုပြီးစိတ်ဝင်စားသည်။
YOU ARE READING
Love Like Heaven (Completed)