Uni
"သက်လျာ ရော့"
လေးယောက်သား ကျောင်းအဝမှ လမ်းလျှောက်ဝင်လာကြစဉ် ပိုင်ဥာဏ်မှ အထုပ်တစ်ထုပ် ထုတ်ပေးလိုက်ခြင်းဖြစ်သည်။ သက်လျာက ကြောင်စီစီမျက်နှာလေးဖြင့် အထုပ်အား ယူကြည့်ရှာသည်။
"ဘာတုန်းဟဲ့ ဒါက"
"ငါနဲ့ လိုတ နေကြာစေ့စားတာက ပါလာတာလေ။ ခေါင်းစီးကွင်းတွေချည်းပဲ။ အဲ့ ကုမ္ပဏီကလည်း ဘာလား။ နေကြာစေ့ကို မိန်းကလေးပဲစားတယ်လို့များ ထင်နေကြလား မသိဘူး"
ပိုင်ဥာဏ်က မကျေမနပ်ရေရွတ်ကာ နှာခေါင်းကို ပွတ်၏။ သက်လျာက အနီးရှိထိုင်ခုံတစ်ခုသို့ အပြေးအလွှားလေးသွားထိုင်ကာ အိတ်ကို ဖွင့်ကြည့်တော့ သူတို့လည်း သက်လျာနှင့်အတူ ဝင်ထိုင်လိုက်ရသည်။
"ဟယ်... လှသားပဲဟဲ့။ ငါဝယ်စားရင် ဘယ်တော့မှ ကောင်းကောင်းကန်းကန်းမပေါက်ဘူး။ နင်တို့ကမှ ဟုတ်သေး"
သက်လျာ၏ပုံစံက တကယ်စိတ်ကျေနပ်နေပုံပေါ်သည်။ အိတ်ကိုဖွင့်ကြည့်ရင်း ခေါင်းစီးကွင်းလေးတွေကို ထုတ်ကြည့်ကာ ပြုံးနေသည်။ သွေးဆိုတာလည်း တကယ်ထိရောက်သည်ဟု လိုတ မြင်မိသည်။ အစပိုင်းက ခပ်စိမ်းစိမ်းနေလာကြသည့် မောင်နှမဝမ်းကွဲတွေဟာ အခုလိုဆိုတော့လည်း တည့်တည့်ရှုရှုဖြစ်နေကြပြန်သည်။
"ကြံရည်သောက်ချင်လိုက်တာဟာ"
ရည်မွန်က လွယ်အိတ်လေးကို ရင်ဝယ်ပိုက်ရင်း ညည်းသည်။ ရာသီဥတုက ယခုမှ နွေသို့ကူးစမို့ ကြံရည်ရောင်းသည့်ဆိုင်များ ပေါ်မလာသေး။ ကြံရည်သောက်ချင်ရင်တောင် ရက်နည်းနည်းလောက်တော့ ထပ်စောင့်ရဦးမှာဖြစ်သည်။ အစက မေ့မေ့ပျောက်ပျောက်ဖြစ်နေသည့် လိုတတောင် ရည်မွန့်ကြောင့် ကြံရည်သောက်ချင်လာသလိုပင်။
"မပေါ်သေးဘူးကွ။ ကြံရည်က"
"အေးနော် အဲ့ရာသီပေါ်ကိစ္စကလည်း ခက်သားလားပဲ။ ကိုယ်ကစားချင်။ သူက မပေါ်သေးနဲ့"
"ဟုတ်ပ"
ရည်မွန်နဲ့လိုတ နှစ်ယောက်သား အတိုင်အဖောက်ညီညီပြောကြရင်း ထိုင်ခုံနောက်မှီကို ခပ်လျော့လျော့ ကျောမှီလိုက်သည်။ အပင်တွေကတော့ တက္ကသိုလ်ဝန်းထဲမှာ များများစားစားရှိလှသည်မို့ ဘယ်နေရာကြည့်ကြည့် ခပ်စိမ်းစိမ်းဖြစ်နေသည်။ အခုလည်း သူတို့ထိုင်နေသည့် ထိုင်ခုံနောက်မှာ ယူကလစ်ပင်တစ်ပင်က အုပ်မိုးနေသည်။ နွေရာသီအဦးအစပေမို့ ခေါင်းကိုမော့၍ အသက်ပြင်းပြင်းရှူမိကြသည်။ နွေ၏ အငွေ့အသက်ကို ရလိုရငြားပင်။
YOU ARE READING
Love Like Heaven (Completed)