Episode 72

170 22 2
                                    

Uni

"ပူလိုက်တာနော်"

ချိန်းထားသည့်ဆိုင်ထဲရောက်တော့ နှစ်ယောက်စလုံးမှာ နေပူရှိန်ကြောင့် အိုက်ပြုတ်နေပြီဖြစ်သည်။ နှဖူးမှကျလာသည့် ချွေးတွေကို လက်တစ်ဖက်နှင့် ယပ်ခတ်ရင်း အနည်းငယ်ညည်းညူလိုက်သည်။ လွင်ဟိန်းကို အကောင်လိုက်မပြောနဲ့ အရိပ်တောင် မမြင်ရသေးပါ။ လမ်းမှာကားပိတ်နေသည်ဆိုတာ သေချာသလောက်ရှိ၏။

"အစ်ကိုတို့ ဘာစားမလဲ"

"လောလောဆယ် လက်ဖက်ရည်ချိုစိမ့်နှစ်ခွက်ပဲပေး ညီလေး"

"ဟုတ်ကဲ့အစ်ကို"

စားပွဲထိုးကောင်လေး ပြန်ထွက်သွားသည်နှင့် လိုတရ စားပွဲခုံပေါ် ခေါင်းအပ်မိသည်။ ရန်ကုန်မှာ တစ်နေရာနဲ့တစ်နေရာ သွားရလာရတာ မလွယ်။ ဘတ်စ်ကားလေး နှစ်ဆင့်လောက်စီးရတာကို အရိုးတွေ ပြုတ်ထွက်မတတ် ပင်ပန်းနေပြီဖြစ်သည်။ လက်ဖက်ရည်တောင်မှ အလွန်နှစ်သက်လို့မဟုတ်ရင် ပူပူလောင်လောင်ကြီး သောက်နိုင်မှာမဟုတ်။

"မင်းကလည်းကွာ ပျော့ခွေနေတာပဲ။ ဘယ်လိုဖြစ်နေတာလဲ။ ဘာစားမလဲ လာကြည့်ဦးဟ"

ပိုင်ဥာဏ်က သူ့လက်ထဲမှ မီနူးကတ်နှင့် လိုတရကို ယပ်ခတ်ပေးရင်းပြောလာသည်။ လိုတကတော့ ခေါင်းတောင် ထောင်မကြည့်တော့ဘဲ ခေါင်းယမ်းကာ

"မင်းဘာမင်း အဆင်ပြေတာ ကြည့်ကျက်ရွေးလိုက်တော့"

"ဘဲသားမုန့်ကြိုက်တယ်မလား"

"အေးအေး မှာလိုက်"

စကားပြောနေရင်းဖြင့် လိုတရ မျက်ဝန်းတွေက လမ်းမဆီ ဝေ့ဝဲနေသည်။ ပင်ပန်းသည်ကြောင့် ကြည့်နေရုံကလွဲရင် ဘာမှမလှုပ်ရှားချင်။ ကားတွေတစ်စီးပြီးတစ်စီး ဖြတ်သန်းသွားသော ကတ္တရာလမ်းမကြီးများ၊ လမ်းတလျှောက် ပျံ့ကျဲနေကြသော လူများနှင့် လမ်းဘေးဈေးဆိုင်တန်းတွေကို ငေးကြည့်နေမိသည်။ လက်ဖက်ရည်ဆိုင်သည် ဆိုင်အကြီးကြီးတော့ မဟုတ်ပေ။

တိုက်အဟောင်းကိုမှ ဆိုင်ခန်းဖွင့်ကာ ရောင်းချခြင်းဖြစ်သည်။ နှစ်ပရိစ္ဆေတ ကြာမြင့်လွန်းသောကြောင့်ထင်သည်။ ဆိုင်ခန်း၏ နံရံများသည် မီးခိုးမှိုင်းများဖြင့် ညစ်ထေးနေပေပြီ။ ထိုင်ခုံများကိုက သင်္ဘောဆေးသုတ်ထားသော ခုံပုလေးများဖြစ်ကာ ရေနွေးကရား၊ ရေနွေးခွက် အစရှိသည်တို့ကလည်း လက်ဖက်ရည်ဆိုင်၏ သရုပ်ကို ပီပီပြင်ပြင်ဖြစ်အောင် ထောက်ပံ့ပေးသည်။

Love Like Heaven (Completed)Where stories live. Discover now