Episode 95

179 22 2
                                    

Uni

အသက်ပြင်းပြင်းတစ်ချက်ရှူရင်း ကုတင်ပေါ်မှာ ခြောက်ကပ်ကပ်ထိုင်ချလိုက်သည်။ အင်္ကျီအဖြူလက်ရှည်ကို ကြယ်သီးတစ်လုံးချင်းစီ စေ့တပ်လိုက်ရင်း အချိန်တွေ လျှင်မြန်စွာ ကုန်ဆုံးသွားပါစေကြောင်း ဆုတောင်းမိသည်။ အချိန်သည် လေတစ်သုတ်လိုမျိုး ဝေ့ခနဲတိုက်လာကာ ဝေ့ခနဲပင် ပျောက်ကွယ်သွားသည်။ လိုတရ ဒါကိုလည်း သတိမထားမိတော့ပါ။ သူ့စိတ်အာရုံအလုံးစုံသည် အချိန်တော်တော်များများမှာ မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေသည်။

မနေ့က ငိုခဲ့ရတာလည်း မသိတော့။ တစ်နေ့က ရယ်ခဲ့သလားလည်း မမှတ်မိတော့။ ဟာလာဟင်းလင်းဖြစ်နေသည့် ရင်ဘတ်ထဲတွင် တဒိတ်ဒိတ်ခုန်နေကျ နှလုံးသားတောင်မှ ခံစားကြည့်၍ မရတော့လောက်အောင် မှိန်ဖျော့ဖျော့ တည်ရှိမှုဖြင့်။

ကြယ်သီးတွေအား လက်ချောင်းသွယ်သွယ်တို့ဖြင့် စေ့တပ်လိုက်ပြီးနောက် အဖျားကွေးနေလေ့ရှိသော ဆံပင်တို့ကို လက်ဖြင့်သာ သပ်တင်လိုက်သည်။ ခေါင်းရင်းပိုင်းမှာ ချိတ်ထားသော မှန်ဆီအကြည့်အရောက် သူ့မျက်ဝန်းတွေမှာ အကြောင်းအရင်းမရှိ မျက်ရည်ဝေ့လာသည်။ အခုတလော ဘာကြောင့်ငိုမိမှန်း မမှတ်မိလောက်အောင်အထိ အငိုလွယ်လာမိသည်။ နှလုံးသားက နာလာတိုင်းမှာ အရာရာပေါ့ပါးသွားစေဖို့ ကျိတ်ငိုရုံသာ သူတတ်နိုင်သည်။

မှန်ထဲက ပုံရိပ်လေးမှာတော့ မျက်ရည်တွေဝေ့လျက် သနားဖွယ်ရာ။ မျက်လွှာချလိုက်သည့်အခါ မျက်တောင်ရှည်ကြီးများကပါ ကျက်သရေရှိစွာ လှုပ်ခတ်သွားသည်။ ကုတင်ပေါ်မှာ တင်ထားသည့်လွယ်အိတ်ကို ဆွဲယူရင်း ဘေးရှိကုတင်ကို ကြည့်လိုက်မိသည်။ ပိုင်ဥာဏ်က အရင်နေ့ရက်များလိုပဲ ကုတင်ပေါ်မှာ အေးဆေးစွာ အိပ်ပျော်နေသည်။

သူ ပြောခဲ့သည့်စကားလိုပင်။ ပိုင်ဥာဏ်က Jelly Beanပင်လေးကိုလည်း ပြန်မပေးသလို Angry Birdရုပ်လေးကိုလည်း ဆွဲအိပ်နေဆဲ။ အခုလည်း ငှက်ရုပ်ကို ရန်သူလို ခွညှစ်ရင်း အိပ်ပျော်နေသော ပိုင်ဥာဏ်က သဘောကျစရာကောင်းသည်။ ဘယ်လောက်အထိ သဘောကျစရာကောင်းလဲဆို သူ့ရင်ဘတ်တစ်ပြင်လုံး အောင့်တက်လာသည်အထိ။

Love Like Heaven (Completed)Where stories live. Discover now