Uni
"တီ..."
"အာ..."
တံခါးဘဲလ်သံကြားလိုက်ရသည်မို့ လိုတရ ပုဆိုးစွပ်နေရင်း တန်းလန်းအပြင်ကို ထွက်လာရသည်။ တံခါးအရှေ့ကို အပြေးအလွှားသွားပြီးနောက် ပုဆိုးကို ခပ်မြန်မြန်ဝတ်ကာ တံခါးဖွင့်သည်။ အရေးကြီးတဲ့ ဧည့်သည်သာဆို စောင့်ခိုင်းရမှာ မလိုလားလို့ပင်။ သို့သော် ထိုအရေးကြီးတဲ့ ဧည့်သည်က ပိုင်ဥာဏ်ဖြစ်နေမယ်လို့တော့ ထင်မထားခဲ့ပေ။
ပိုင်ဥာဏ်က နံရံ ဒါမှမဟုတ် တံခါးတွေကို လက်ထောက်ပြီး ရပ်ရတာ အတော်သဘောကျပုံရသည်။ အခုလည်း နံရံကိုလက်ထောက်ပြီး ပွင့်လာသည့် တံခါးဆီကို ခပ်တည်တည်ကြည့်နေသည်။ လိုတက တံခါးဝမှာ ရပ်နေသည်မို့ ဘယ်လိုပဲဆိုဆို သူတို့နှစ်ယောက်၏ အနေအထားက နီးကပ်သွားသည်သာ။
ရင်ဘတ်ထဲက အကောင်က ဝုန်းခနဲ ခုန်ထပြီးသည့်နောက် လိုတ လန့်လွန်း၍ မူးလဲချင်စိတ်တွေတောင် ပေါက်သွားရသည်။ သူများတကာ အလုပ်သွားခါနီးကြီးကို ဒီကောင်က ဘာလာလုပ်ပြန်ပြီမသိ။ တစ်နေ့တစ်ခါ ဒုက္ခပေးမဲ့ ရှယ်ပလန်နဲ့များ သူ့အိမ်တံခါးကို လာလာခေါက်နေသလား ထင်ရသည်။ နောက်ဆို သူလည်း မဆင်မခြင် တံခါးဖွင့်တတ်သည့်အကျင့်ကို ပြင်ရဦးမည်။
"ဘာလဲ ဘာကိစ္စလဲ"
မျက်နှာကို မာထန်နေအောင် ပြင်ဆင်ပြီးနောက် ခပ်တည်တည်ရပ်နေသည့် ပိုင်ဥာဏ်ကို အရင်ဝင်ဟောက်လိုက်သည်။ မဟုတ်ရင် သူက အဟောက်ခံရသူ ဖြစ်သွားနိုင်သေးသည်။ ပိုင်ဥာဏ်ကတော့ မျက်နှာအမူအရာ နည်းနည်းလေးတောင် ပျက်မသွားပေ။ ထိုမျက်နှာကြီးကိုကြည့်ရင်း လိုတမှာ ချာချီ့ကိုတောင် ပြန်မြင်ယောင်လာသည်။ ချာချီက ပိုင်ဥာဏ်မွေးထားတာဆိုရင်တောင် သူ အံ့ဩမိမယ်မထင်။
"ငါ့နို့ ဘယ်မှာလဲ"
"ဟင်"
ရုပ်တည်ကြီးနဲ့မေးလိုက်သည့် ပိုင်ဥာဏ့်စကားကြောင့် လိုတ၏ မျက်နှာဖွေးဖွေးက ရဲခနဲဖြစ်သွားသည်။ သူ့နို့က သူ့ရင်ဘတ်မှာ ရှိမှာပေါ့။ ဘာကိစ္စနဲ့ သူများအိမ်ကို လာမေးနေရသည်မသိ။
YOU ARE READING
Love Like Heaven (Completed)