Episode 28

177 20 0
                                    

Uni

"အားနာပါတယ်ဗျာ"

"ဪ မလိုပါဘူးရှင် ရတယ် ရတယ်။ ဝန်ထမ်းဆိုတာ ဒီလိုပဲပေါ့။ အားတဲ့အချိန်မှ လာနိုင်တာပဲလေ။ ကျွန်မတို့နားလည်ပါတယ်ရှင်"

အဆောင်အိမ်ရောက်တော့ မနက်၄နာရီခွဲလုပြီ။ အဖေက အဆောင်က အဒေါ်ကြီးတွေနှင့် စကားပြောကာ နောက်ကျမှရောက်လာရသည့်အကြောင်းရှင်းပြသည်။ အဒေါ်ကြီးတွေကလည်း သဘောကောင်းသည်။ ခပ်ပြုံးပြုံးဖြင့် ပြောသမျှ လက်ခံပေးကြသည်ပင်။

"ဒါဆို သားကို ကျွန်တော် ထားခဲ့ပါဦးမယ်။ ခွင့်ပြုပါဦး"

"ဟုတ်ကဲ့ရှင် ဟုတ်ကဲ့"

အဖေက အဆောင်မှ အဒေါ်ကြီးကိုနှုတ်ဆက်ကာ သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း တစ်ချက်ကြည့်ပြီး ပြန်ထွက်သွားသည်။ အဖေက သူ့ညီမတွေအိမ်မှာ ခဏတည်းရင်း အမေ့ဆီကို နေ့ချင်းပြန်သွားမှာ ဖြစ်သည်။ လိုတရ အခုကတည်းကစလို့ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရပြီဆိုတာ မေးနေစရာတောင်မလို။

"သား အပေါ်ကို တက်တော့လေ။ ခဏလောက်အိပ်ပြီး ၉နာရီထိုးခါနီးမှ ထလာပေါ့"

"ဟုတ်ကဲ့အန်တီ"

သူ ခပ်တိုတိုပင်နှုတ်ဆက်ကာ အထုတ်ကို မနိုင်မနင်းမ၍ လှေကားဆီ တက်လာခဲ့သည်။ နေရမည့်အခန်းက အရင်လာကတည်းက ကြည့်ထားပြီးသားမို့ ထပ်မေးနေစရာမလိုပါ။ အိမ်အပေါ်ထပ်ကို အခန်းသုံးခန်းဖွဲ့ထားကာ အဆောင်ငှားထားတာဖြစ်သည်။ တစ်ခန်းကို ခုတင်နှစ်လုံးစီဖြင့် ၆ယောက်နေလို့ရသည်။ လိုတရ ကိုယ့်အခန်းထဲ ဝင်လာလိုက်တော့ အပေါက်ဝနှင့်နီးသည့် ခုတင်တစ်လုံးမှာ လူတစ်ယောက်အိပ်နေသည်ကို မြင်လိုက်ရသည်။ စောင်ကို ခေါင်းမြီးခြုံ၍ ကွေးကောက်အိပ်နေတာကို တစ်ချက်ကြည့်ရင်း ခြေသံလုံအောင် ခပ်ဖွဖွလျှောက်ရ၏။

ဒီမနက်တော့ ခေါင်းအုံးနဲ့စောင်လေးတင်ခင်းကာ အရင်အိပ်ရမည်ဖြစ်သည်။ ကျန်သည့် ပစ္စည်းထားတာက ကျောင်းဆင်းမှ လုပ်တော့မည်။ အခုအချိန်ကတော့ တစ်ဖက်လူလည်း အိပ်နေတာမို့ ဆူဆူညံညံအသံတွေ ထွက်လာရင် မကောင်းသည့်အပြင် သူလည်း အလွန်ပင်ပန်းလာပြီဖြစ်သည်။ ကားပေါ်မှာလည်း အိပ်လာပေမဲ့ ကုတင်ပေါ်မှာ အေးအေးဆေးဆေး အိပ်ရတာနှင့်တော့မတူ။

Love Like Heaven (Completed)Where stories live. Discover now