Episode 50

207 25 3
                                    

Uni

အခန်းတစ်ခုလုံးသည် အေးစက်၍ ခြောက်သွေ့နေသလိုပင်။ မှန်ပြတင်းပေါက်ဆီမှ ကျလာသော ညနေခင်းနေရောင်ခြည် လက်ကျန်အချို့က အခန်းတွင်းသို့ အလင်းပေးနေကြသည်။ လိုတ တံခါးကို ပြန်ပိတ်၍ ချက်ချလိုက်သည်။ မီးဖွင့်ဖို့ စိတ်ကူးမရှိ။ ပြတင်းပေါက်ဆီသွား၍ လိုက်ကာတွေကို ချလိုက်သည်။ အလင်းရောင်မရှိ ပိန်းပိတ်နေသော အခန်းတစ်ခု ဖြစ်လာသည်။

အလင်းရောင်က အခုအချိန်တော့ သူ့အတွက် ရန်သူပဲဖြစ်သည်။ ပြန်လာသည့်လမ်းတလျှောက်က နေရောင်က သူ့ကိုစူးစိုက်ကြည့်နေသည့် မျက်လုံးပေါင်းများစွာလို့ထင်ရသည်။ အလင်းသည် သူ့ကို မြင်နိုင်နေသည်။ တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားရစေသည်။ အမှောင်ကကျ မတူပေ။ အမှောင်ထဲမှာ သူ့ကို ဘယ်သူမှ မမြင်ရ။ သူ အမှောင်ထဲမှာ ပိုလွတ်လပ်သလို ခံစားရသည်။ ထို့ကြောင့် သူ့အသွေးအသားထဲကကို အမှောင်ကို လိုအပ်နေသည်။

လွယ်အိတ်ကို ကုတင်ပေါ်ပစ်တင်ကာ ကုတင်ခြေရင်းမှာသာ တအိအိပြိုလဲပစ်လိုက်သည်။ ကြမ်းပြင်မှာထိုင်လိုက်ပြီးမှ နှလုံးသားဆီက ဘယ်လောက်နာနေမှန်း သတိရသည်။ နှလုံးဆီကို လက်တစ်ဖက်နဲ့ဖိရင်း သက်သာအောင်လုပ်ဖို့ရာ သူ့မှာဘာအစွမ်းမှမရှိ။ နှလုံးသားသည် အထုအရိုက် မခံရပါဘဲနဲ့ အကြောင်းမဲ့နာကျင်နေသည်။ အချစ်ဆိုတာ ဒီလိုမျိုးလားဟု တွေးရင်း သူ မျက်ရည်ကျချင်ပေမဲ့ မျက်ရည်ကျလို့မရ။

ရင်ဘတ်ထဲမှာ အလုံးကြီးတစ်လုံးက ခံနေသည်။ ရင်အစုံသည် လေးလံလွန်းလှသည်။ နာကျင်မှုအစုအဝေးက နှလုံးသားကို အကြိမ်ကြိမ်ရိုက်နှက်နေသည်။ လဲပြိုစေသည်။ မျက်လုံးကိုမှိတ်လိုက်တော့ ပိုင်ဥာဏ်၏ နှင်းဆီပန်းကိုယူလိုက်ပုံက ထင်းခနဲ ထွက်လာသည်။ မဟုတ်သေး။ သူ အဲ့ဒီအကြောင်းကို တွေးလို့မဖြစ်။

အတွေးတွေသည် ဘယ်လိုပဲ ထိန်းချုပ်ပါစေ နာကျင်မှုဝဲဂယက်မှာ ပိတ်မိနေသည်။ ပိုင်ဥာဏ်က နှင်းဆီပန်းကို ယူလိုက်သည်။ မျက်ရည်များကြားမှ ဝိုးတဝါးမြင်လိုက်သော မြင်ကွင်းမှာ ပိုင်ဥာဏ်က ပြုံးနေခဲ့သည်။ အနီးကပ်မမြင်ခဲ့ရသည့် သူ၏ မျက်ဝန်းအစုံမှာ ချစ်မြတ်နိုးခြင်းအငွေ့အသက်တွေ ပါနေလိမ့်မည်။ ထိုကောင်မလေးကို ပိုင်ဥာဏ်က တကယ်ချစ်သွားခဲ့ပြီထင်ပါသည်။ ထိုသို့တွေးလိုက်တိုင်း ကမ္ဘာကြီးတစ်ခုလုံးကို ချန်၍ အမှောင်တွင်းငယ်လေးတစ်ခုထဲမှာသာ သွားပုန်းချင်စိတ်ပေါက်လာရသည်။

Love Like Heaven (Completed)Donde viven las historias. Descúbrelo ahora