Uni
ဒီနေ့ ရာသီဥတုကြည်စင်သည်။ ကောင်းကင်ကြီးသည် ဆောင်းဝတ်ရုံလွှာကိုဖယ်ချကာ နွေ၏ဦးထုတ်ကို ဆောင်းရန်ပြင်နေဆဲဖြစ်၏။ ထို့ကြောင့် ကောင်းကင်တစ်ခွင်က ကြည်ကြည်စင်စင်။ ခြောက်သယောင်းယောင်းရှိလှသော သစ်ရွက်များ၊ ကတုံးဖြစ်လုနီးနီးရှိသော သစ်ပင်များကို ကြည့်ရတာ ခံစားချက်တစ်မျိုးရသည်။ ကြည်နူးခြင်းလည်း မဟုတ်၊ လွမ်းဆွတ်ခြင်းလည်း မဟုတ်၊ နှမြောတဿခြင်းလည်း မဟုတ်။ ဘာမှန်းမသိသော ခံစားချက်သည် ရင်ဘတ်အတွင်းသို့ လုံးပစ်ဝင်လာသည်။ ရာသီအကူးအပြောင်းမို့ သူတို့စိတ်ကလေးတွေလည်း လေလွင့်လွန်းလှသည်။ လူကြီးတွေပြောတတ်ကြသည့် မြီးကောင်ပေါက်အရွယ်၊ စိတ်ကစားတတ်သည့်အရွယ်လေး မဟုတ်ပါလား။
စီနီယာအစ်ကိုကြီး ပြောခဲ့သလိုပင်။ လိုတရတို့သုံးယောက် ဂီတလေ့ကျင့်ခန်းကို ရောက်နေကြသည်။ တစ်ဖက်ခန်းဆီမှာ ဂစ်တာတီးရင်း သီချင်းဆိုနေကြသူများလည်း ရှိသည်။ နွေသည် မလှပဟု သူထင်သည်။ နွေ၏ အဆုံးပိုင်းမှာမွေးဖွားလာသူ ဖြစ်သော်ငြား သူ နွေကိုမချစ်ပေ။ သို့သော် နွေသည် တခြားသော ရာသီများကဲ့သို့ပင် ခံစားချက်တို့ကို ပေးနိုင်စွမ်းသေးသည်။
ဤသို့ဖြင့် ရွက်ခြောက်တို့ကို ကြည့်ရင်း စိတ်လေလာသည့်အခါ ဂစ်တာတစ်လက်ဖြင့် ဟိုခေါက်ဒီခေါက်လုပ်လိုက်ရမှ စိတ်ပြေသည်။ လိုတရ ဂီတခန်းသို့ ရောက်လာသည့်အခါ ရည်မွန်တို့ပါ လိုက်လာတာက အထူးအဆန်းတော့မဟုတ်။ ဒီရာသီပြောင်းလာကာမှ သူတို့လည်း ဂီတခန်းကို အလာစိပ်လာရသည်။ အထူးသဖြင့် သိမ့်နှင့်ပတ်သတ်သော လိုတ၏ စိတ်ခံစားချက်ကို ဖွင့်ထုတ်ရန် ဤအခန်းသို့ ရောက်လာကြသည်ပင်။
"ဒီနေ့လည်း 'ယူလိုက်'ပဲလား။ မင်းပြောတော့ 'Can't Help Fall In Love'လည်း ကောင်းတယ်ဆို? အဲ့တာကျ ဘာလို့မဆိုတာလဲ"
ရည်မွန်၏ စကား။ လိုတရကတော့ ပြုံးပါ၏။
"ငါ သူ့ဆီရေးပေးလိုက်တဲ့ စာတွေထဲမှာ 'ယူလိုက်'ကိုပဲ ထည့်ရေးထားတာလေ"
"ဟုတ်သားပဲ။ မင်း အမှန်တော့ ယူလိုက်ထက် 'Can't Help'က ပိုပြီးတောင် စာသားကောင်းတဲ့ဟာကို"
YOU ARE READING
Love Like Heaven (Completed)